လားရှိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော်ဖမ်းမိကြောင်း MNDAA ထုတ်ပြန်
2024.07.16

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးက တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဒုတိယတပ်ခွဲမှူးတစ်ဦးအပါအဝင် သုံ့ပန်း ၃၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
MNDAA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၁၃ ရက်နေ့က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေ ယူလာသူတွေ၊ စခန်းတွေမှာ လက်နက်ကြီးတွေ ကောင်းမွန်စွာထိန်းသိမ်းခဲ့သူတွေ၊ လက်နက်ကြီးတွေကို စစ်ကောင်စီဘက်က အသုံးမပြုနိုင်အောင် ဖျက်စီးခဲ့သူတွေကိုလည်း ဆုငွေပေးသွားမယ်လို့ MNDAA က ကြေညာထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ လက်နက်ချပါက ကျပ်သိန်းတစ်သောင်း ချီးမြှင့်မှာဖြစ်ပြီး သံချပ်ကာ၊ တင့်ကားနဲ့ အကြီးစား စစ်လက်နက်ပစ္စည်းတွေနဲ့ဆိုရင် ကျပ်သိန်း တစ်ထောင်ဆုကြေးငွေပေးမယ်လို့ MNDAA က ဆိုပါတယ်။
MNDAA ထံ ခိုလှုံလာသူတွေထဲက တပ်သားအဆင့်ဆိုရင် ဆုကြေးငွေ ကျပ် ဆယ်သိန်း၊ ဒုဗိုလ်နဲ့ ဗိုလ်ကြီးအဆင့်တွေဆိုရင် ကျပ်သိန်း ၂၀၊ ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအဆင့်ဆိုရင် သိန်း ၃၀ ပေးသွားမှာဖြစ်ပြီး လက်နက်ပါမယ်ဆိုရင် ငါးသိန်း ထပ်တိုးပေးမယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့က ကြေညာထားပါတယ်။ ဒီကြေညာချက်ပါ အချက်အလက် အသေးစိတ်သိရဖို့ MNDAA အဖွဲ့ကို RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေ ဖမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီလေတပ်က MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို ဇူလိုင်လ ၁၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
လားရှိုးမြို့အထွက်က စစ်ကောင်စီရဲ့ ခမရ (၅၀၇) တပ်စခန်းအနီးမှာ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ အရှေ့ဘက်က ခလရ (၆၈) တပ်စခန်း၊ မြို့အနောက်ဘက် နမ္မတူ စစ်ဆေးရေးဂိတ်အကျော်က နောင်လိုင်ရွာ၊ မြို့မြောက်ဘက်မှာရှိတဲ့ ခမရ (၅၀၇) တပ်စခန်းတွေ အနီးထိ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။