မြန်မာစစ်တပ် အင်အားချည့်နဲ့နေပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော
2024.04.08

မြန်မာစစ်တပ်ဟာ အင်အားချည့်နဲ့လာနေပြီဖြစ်တာကြောင့် စစ်တိုက်တာရပ်ပြီး တွေ့ဆုံဆွေးနွေးရမယ့် အချိန်တန်နေပြီလို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရိုက်တာသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်က " မြန်မာစစ်တပ် စတင်အင်အားချည့်နဲ့လာနေပြီဆိုတာ ကျွန်တော်တို့အားလုံး မြင်နေရပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီလိုတွေးကြည့်ရအောင် ကိုယ့်ဘက်က ရှုံးနေပြီဆိုရင် ခင်ဗျား ဘာလုပ်မလဲ၊ သူတို့ကို ဆက်ပြီးဖိနှိပ်နေမလား၊ ဒါမှမဟုတ် သူတို့နဲ့စကားပြောမလား ... သေချာတာကတော့ စစ်တပ်မှာ အာဏာနဲ့ လက်နက်ကတော့ ရှိနေတုန်းပါ။ ဒါပေမဲ့ ကိုယ်နဲ့တိုက်နေတဲ့သူတွေလောက် မသန်မာတော့ဘူးဆိုတာ သိလာရင်တော့ စကားပြောဖို့ ကမ်းလှမ်းပြီး သဘောတူညီချက်တစ်ခုခုရအောင် လုပ်ရမဲ့အချိန်ရောက်ပြီလို့ ကျွန်တော်ထင်တယ်" လို့ ပြောခဲ့တာပါ။
မြန်မာ-ထိုင်းနယ်စပ် စီးပွားရေးမြို့တော် မြဝတီမြို့မှာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ KNLA တပ်၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ထိုင်းဝန်ကြီးချုပ်ဆီကနေ ပြောဆိုသံထွက်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် မြန်မာ့အရေးဖြေရှင်းနိုင်ရေး အမေရိကန်၊ တရုတ်အပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့လည်း ဆွေးနွေးနေတယ်လို့ သူက ဆိုပါတယ်။
မြန်မာ့အရေး ထိုင်းအစိုးရရဲ့ သဘောထား ရပ်တည်ချက် တစ်သံတည်းဖြစ်အောင် မနက်ဖြန်မှာ သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။