စစ်ကောင်စီ လက်နက်ကြီးကြောင့် ညောင်လေးပင်ဒေသခံ နှစ်ဦးသေဆုံး

RFA Burmese
2024.11.20
စစ်ကောင်စီ လက်နက်ကြီးကြောင့် ညောင်လေးပင်ဒေသခံ နှစ်ဦးသေဆုံး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ပဲခူးတိုင်း မူးမြို့နယ် ရွာကြီးအင်းရွာမှ ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား တွေ့ရစဉ်။
Karen National Union

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပဲခူးတိုင်း ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်အတွင်း စစ်ကောင်စီက ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး ၁၈ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက မူးမြို့နယ် ရွာကြီးအင်းရွာကို ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက် ၅၅ နှစ်အရွယ် ဦးပြူးကျော်နဲ့ အသက် ၇၇ နှစ်အရွယ် ဦးဝဲကြည်တို့နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ခလရ-၂၆၄ တပ်က လယ်ဒိုမြို့နယ် တောကြောင်ပေါက်ရွာက စာသင်ကျောင်းကို ဒရုန်းနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက်ဆယ်နှစ်အရွယ် ကျောင်းသူ နော်ရွှင်စင်ဦးနဲ့ နော်သူမူးအင် နှစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆေးပေးခန်း၊ မူကြိုကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်လေးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ၈၆ လုံးပစ်ခတ်ခဲ့သလို စာသင်ကျောင်းကို ဒရုန်းဗုံးရှစ်လုံးပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

KNU ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အိမ်ခြေ တစ်ထောင်ကျော် (၁၁၅၂ လုံး) က လူဦးရေ ခြောက်ထောင့်ငါးရာနီး (၆၄၅၁ ဦး) ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်းမာရေးအပါအဝင် စားနပ်ရိက္ခာအခက်အခဲတွေရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။