ကျောက်ကြီးမှာ ရေဘေးကူညီသူတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့

RFA Burmese
2024.09.20
ကျောက်ကြီးမှာ ရေဘေးကူညီသူတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ ကရင်မျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်အတွင်းမှ ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။
Karen Peace Support Network

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသဖြစ်တဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့ရှိ ရေဘေးသင့်ပြည်သူတွေကို သွားရောက်ကူညီတဲ့ လူမှုရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီက တားမြစ်တာ၊ ခြိမ်းခြောက်တာအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မုန်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၀၃ ရွာ၊ အိမ်ခြေတစ်သောင်းခွဲနီးပါး (၁၄,၂၆၁)နဲ့ လူဦးရေ ငါးသောင်းနီးပါး (၄၈,၄၅၃) ရေဘေးသင့်နေပြီး ကျေးရွာအရေးပေါ်ကယ်ဆယ်ရေးကော်မတီတွေနဲ့ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကော်မတီအနေနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ရေကြီးမှုကြောင့် ဘေးဒုက္ခပေါင်းစုံနဲ့ကြုံတွေနေရတဲ့ ပြည်သူတွေဆီကို လာရောက်လှူဒါန်းတဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်က သိမ်းယူနေတယ်လို့လည်း ရေးသားထားပါတယ်။

ထုတ်ပြန်ချက်ပါ အချက်အလက်အသေးစိတ်ကို သိရဖို့ ကူညီကယ်ဆယ်ရေးကော်မတီ (မုန်းမြို့နယ်) ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခဲ့ဖြေဆိုတာ မရှိပါဘူး။

လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် မုန်းဒေသရှိ ဒေသခံတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတာကြောင့် ပြည်တွင်းပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးဖို့လည်း တောင်းဆိုထားပါတယ်။

တောင်ငူမြို့မှာရှိတဲ့ အရပ်ဘက်လူမှုကူညီရေးအသင်းတချို့ကတော့ စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ မုန်းဒေသရှိ အုတ်ဖြတ်၊ ဒိုးတန်း စတဲ့ကျေးရွာတွေကို စားသောက်စရာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ စက်တင်ဘာလ ၂၀ ရက်နေ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ပဲခူးတိုင်း ရေတာရှည်၊ ဖြူး စတဲ့မြို့နယ်တွေက စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိကျေးရွာတွေကို ရေဘေးကူညီဖို့ စစ်ကောင်စီတပ်က တားမြစ်ကန့်သတ်မှုတွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကတော့ တိုင်းနဲ့ ပြည်နယ် ကိုးခုက ၅၉ မြို့နယ်မှာ မိုးကြီးရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။