စက်တင်ဘာလအတွင်း အမျိုးသမီး ခြောက်ဆယ်ကျော် သတ်ဖြတ်ခံရ
2024.10.04

စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး ၆၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အောက်တိုဘာ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှစ်ဦး၊ သတ်ဖြတ်ခံရတာကြောင့် ခြောက်ဦးအပြင် ဒရုန်းတိုက်ခိုက်မှု၊ မီးရှို့သတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးသူတွေလည်း ပါဝင်ပါတယ်။ သေဆုံးသူတွေဟာ ရှမ်းပြည်နယ်က ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ၊ မန္တလေးတိုင်းက ၁၅ ဦး၊ စစ်ကိုင်းတိုင်းက ရှစ်ဦး၊ ပဲခူးတိုင်းက ခြောက်ဦး၊ မကွေးတိုင်း လေးဦး၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက သုံးဦးစီ၊ မွန်ပြည်နယ်က နှစ်ဦးနဲ့ ကချင်ပြည်နယ်က တစ်ဦး ဖြစ်ပါတယ်။
BWU ရဲ့ စက်တင်ဘာလ စာရင်းအရ နိုင်ငံတစ်ဝန်း အမျိုးသမီး ငါးဦးလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီစာရင်းတွေဟာ BWU က လက်လှမ်းမီသလောက် ကောက်ယူပြုစုထားတဲ့အရေအတွက်သာဖြစ်ပြီး လက်တွေ့မှာ ဒီ့ထက်များနိုင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း အမျိုးသမီး ၈၀၆ ဦး အသတ်ခံရပြီး၊ (၃,၃၃၂) ဦး ဖမ်းဆီးခံထားရပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မန္တလေးတိုင်းမှာ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၁၃ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီး ၂ဝ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။