စစ်ကောင်စီရဲ့ သေဒဏ်အမိန့် ရန်ကုန်မှာ လူငယ်တွေဆန္ဒပြ

RFA Burmese
2023.05.05
စစ်ကောင်စီရဲ့ သေဒဏ်အမိန့် ရန်ကုန်မှာ လူငယ်တွေဆန္ဒပြ သေဒဏ်ချမှတ်မှုကို ဆန့်ကျင်လှုပ်ရှားသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) အဖွဲ့တို့ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြစဉ်။။
ဗကသများအဖွဲ့ချုပ်

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မြေပြင်ရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ထောင်ဒဏ်တစ်သက်ကနေ သေဒဏ်အမိန့် ထပ်တိုးချလိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ဒီနေ့ ရန်ကုန်မြို့မှာ လူငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နဲ့ လူ့ဘောင်သစ်လူငယ် (YNS) တို့ ပူးပေါင်းပြုလုပ် ခဲ့ကြတာလို့ လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗကသကျောင်းသားတစ်ဦးက RFA ကို ပြောပါတယ်။

"မြောက်ဥက္ကလာပမြို့နယ်က မာရှယ်လောဧရိယာမြို့နယ်ဆိုတော့ စစ်ခုံရုံးက သူ့ကို မဆိုင်တဲ့ ပုဒ်မတွေပါ ထပ်တိုးချလိုက်တာပါ။ ဒါကို ကျွန်တော်တို့ မကျေနပ်လို့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတာပါ။ တော်လှန်ရေး သမားကို သေဒဏ်ချရုံနဲ့ တော်လှန်ရေးက သေဒဏ်မကျဘူးဆိုတဲ့ သတင်းစကားကိုလည်း ပါးချင်တာကြောင့် ဒီနေ့ဆန့်ကျင်လှုပ်ရှားမှုမှာ အဲဒီစာသားတွေကိုကိုင်ပြီး ဆန္ဒပြခဲ့ပါတယ်"

ကိုကောင်းဆက်ပိုင်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က သူနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။ သူဟာ ၂၀၂၃ မတ်လ ၂၂ နေ့က မြောက်ဥက္ကလာပ မြို့နယ် စစ်ခုံရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည) နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချခံခဲ့ရပါတယ်။ အဲဒီနောက် ဧပြီလ ၂၅ နေ့မှာလည်း နောက်ထပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၄၉ (က)နဲ့ ၅၀ (ဈ) တို့နဲ့ သေဒဏ်အဖြစ် ထပ်တိုးအမိန့်ချမှတ် ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။