USDP ပါတီကို စုံစမ်းစစ်ဆေးဖို့ Justice For Myanmar အဖွဲ့ တောင်းဆို
2020.10.23
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ နိုင်ငံပိုင်ပစ္စည်းများသုံးစွဲနေမှုနဲ့ လူမျိုးရေးခွဲခြားနေမှုအပေါ် အမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။
USDP ပါတီဟာ လူမျိုးရေးခွဲခြားမှုကို သွေးထိုးလှုံ့ဆော်နေတယ်လို့ Justice for Myanmar အဖွဲ့ က စွပ်စွဲလိုက်ပြီး ပါတီဟာ နိုင်ငံပိုင် ပစ္စည်းတွေကိုရယူကာ ဝင်ငွေရရှိနေတာကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ချိုးဖောက်တာ ဖြစ်နိုင်တဲ့အတွက် အမြန်ဆုံးစုံံစမ်းစစ်ဆေးဖို့ အောက်တိုဘာ လ ၂၂ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ မအိရတနာမောင်က ချိုးဖောက်ကျူးလွန်မှု တစ်စုံတစ်ရာတွေ့ရှိခဲ့ရင် အစိုးရအနေနဲ့ ပါတီကိုဖျက်သိမ်းပစ်ရမှာဖြစ်တယ်လို့ Justice for Myanmar ပြောပါတယ်။
“ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ စစ်ရာဇဝတ်ဂိုဏ်းရဲ့ပါတီဖြစ်ပြီး စစ်တပ်ရဲ့ စနစ်တကျ အကျင့်ပျက်ခြစားမှုနဲ့ ကိုယ်ကျိုးစီးပွားပဋိပက္ခတို့ရဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ အများပြည်သူပိုင် ပစ္စည်းတွေကို ရယူပိုင်ဆိုင်ခြင်းကနေ အကျိုးအမြတ်တွေကို ဆက်လက်ရနေတာဟာ မြန်မာပြည် ပြည်သူလူထုအတွက် ကြီးမားလှတဲ့ ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရဲ့ အာဏာအလွဲသုံးစားလုပ်မှုကို စုံစမ်းစစ်ဆေးရမယ်။ တကယ်လို့များ အဲဒါဟာ မြန်မာပြည်ရဲ့ ဥပဒေကို ချိုးဖောက်နေတယ်ဆိုရင် တာဝန်ရှိသူတွေကို တာဝန်ယူခိုင်းပြီး ပါတီကိုဖျက်သိမ်းရမယ်။ အများပြည်သူပိုင်ပစ္စည်းတွေ အားလုံးကို မြန်မာပြည်သူတွေထံ ပြန်ပေးရမယ်။"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဒီပြောဆိုချက်တွေအပေါ် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ပါတီရဲ့ ပုံရိပ်ထိခိုက်အောင် မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်မှု တစ်ခုသာဖြစ်ပြီး ဒါကိုအသိအမှတ်မပြုနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။
“သူတို့အလုပ်မှ မဟုတ်တာ ဒါနိုင်ငံတော်အစိုးရအလုပ်လေ။ ကျွန်တော်တို့ ဥပဒေနဲ့မညီရင် အစိုးရကသူ့ အလုပ်သူလုပ်လိမ့်မယ်။ Justice for Myanmar က သူ့အလုပ်မှ မဟုတ်တာ။ အဲဒီအပေါ်မှာလည်း ဘာမှပြောစရာအကြောင်းမရှိဘူး။ သူတို့အလုပ်မဟုတ်ဘူး။ ဒါက ကော်မရှင်ရဲ့အလုပ်။ သူတို့အလုပ်မဟုတ်တာကို သူတို့ကလာလုပ်နေတာ။ အဲဒီအပေါ်မှာ ဘာမှစိတ်မဝင်စားဘူး။ ကျွန်တော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်နေတာ။"
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သူရဲ့သွေးဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ သွေးတွေနဲ့ ရောနှောမှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုဟာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ( က ) ( ၄ ) မှာဥပဒေရဲ့ ပုဒ်မ ( ၆ ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတယ်လို့ Justice for Myanmar အဖွဲ့ကပြောပါတယ်။
ပုဒ်မ (၆) မှာ လူမျိုးရေးဒါမှမဟုတ် ဘာသာရေးဒါမှမဟုတ် လူတစ်ဦးချင်း ( သို့မဟုတ် ) လူအများနဲ့ ပတ်သက်လို့ ပဋိပက္ခဖြစ်စေနိုင်တဲ့၊ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်တဲ့ ရေးသားမှု ဟောပြောစည်းရုံးလှုံ့ဆော်မှု ပြုလုပ်တာကို တားမြစ်ထားပါတယ်။
လိုက်နာရန် ပျက်ကွက်ခဲ့ပါက ပါတီမှတ်ပုံတင်ခြင်း ဖျက်သိမ်းနိုင်တယ်လို့ အဲဒီဥပေဒကဆိုပါတယ်။
Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ လူမျိုးရေးဘာသာရေးကိုအကြောင်းပြပြီး မဲဆွယ်စည်းရုံးရေးမလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်တာမျိုးတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထောက်ပြပါတယ်။
“USDP ပါတီရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို လေ့လာကြည့်တဲ့အခါ ဘာတွေ့လဲဆိုရင် လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ မဲဆွယ်စည်းရုံးမှုတွေ တွေ့တယ်။ ဘာသာရေးနဲ့ လူမျိုးရေးကိုအခြေခံတဲ့ နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်မှုတွေဟာ လုံးဝမရှိသင့်ဘူး။ ဒီလိုလုပ်လာပြီဆိုရင် တည်ဆဲဥပဒေတွေနဲ့ လက်ရှိအစိုးရက အရေးယူဖို့လိုတယ်။ ဒီလိုအရေးယူမှုတွေ ပျက်ကွက်လာပြီဆိုရင် တခြားနိုင်ငံရေးပါတီတွေက လူမျိုးရေးဘာသာရေးကိုအသုံးချတဲ့ နိုင်ငံရေးစည်းရုံးလှုံ့ဆော်မှုတွေ လုပ်လာပြီဆိုရင် တိုင်းပြည်အတွက် အရမ်း အန္တရာယ်ကြီးတယ်။ USDP က ပါတီကြီးဖြစ်လို့ အစိုးရက အရေးယူမှုတွေ ပျက်ကွက်မယ်ဆိုရင် တခြားပါတီတွေကလည်း လူမျိုးရေးဘာသာရေးအခြေခံတဲ့ ကိစ္စမျိုးတွေ လိုက်လုပ်လာပြီဆိုရင် တိုင်းပြည်မှာ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ချေရှိတယ်။"
ပါတီရဲ့ အဓိကခေါင်းဆောင်တွေက စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကနေ ပုဂ္ဂလိကအမြတ်ငွေတွေရနေပြီး ပါတီဝင်တွေမှာလည်း လူမသိတဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေ ရနေတယ်လို့ Justice for Myanmar ကဖော်ပြထားပါတယ်။
စစ်အစိုးရလက်ထက်မှာ ထူထောင်ခဲ့တဲ့ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကိုပါတီအဖြစ် ၂၀၁၀ ပြည့်နှစ်မှာ ပြောင်းလဲခဲ့တာပါ။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဟာစစ် တပ်ကထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်ဂုဏ်မြင့် ကုမ္ပဏီအုပ်စုရဲ့ ပိုင်ဆိုင်မှု အပါအဝင် များစွာသော စီးပွားရေးလုပ်ငန်းတွေရှိခဲ့တယ်၊ ဆိပ်ကမ်းတွေမှာအသုံးပြုဖို့ အကောက်ခွန်ဌာနသို့ ပါတီကဌားရမ်းခဲ့တဲ့ ကွန်တိန်နာ X-ray စက်တွေ အပါအဝင် မြန်ဂုဏ်မြင့်အောက်မှာ ယခင်ပိုင်ဆိုင်ခဲ့မှုတွေကို ပါတီကဆက်လက် အသုံးပြုနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ အကောက်ခွန်ဌာနက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ တခြားကုမ္ပဏီတော်တော်များများကို ကွန်တိန်နာ X-ray စက် ဌားရမ်းခကျပ် ၆ ဘီလီယံပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ( က ) ( ၅ ) အောက်မှာ "“နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ ရယူသုံးစွဲတဲ့ အဖွဲ့ အစည်းဖြစ်ကြောင်း တွေ့ရှိပါက ထိုပါတီကို ဖျက်သိမ်းရမယ်လို့ ပါရှိကြောင်းကြောင်း၊ ဒါပေမဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ရယူထားမှု နိုင်ငံတော်က ဝင်ငွေ ဆက် လက်ရနေမှုဟာ ဥပဒေကိုချိုးဖောက်တဲ့ ကိစ္စတစ်ခုဖြစ်နေကြောင်း Justice for Myanmar က ထောက်ပြထားပါ တယ်။
သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးက ပါတီတစ်ခုရဲ့ ရပ်တည်ချက် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး စွပ်စွဲပြောဆိုအရေးယူမှု လုပ်ဆောင်ဖို့အတွက် အထောက်အထား ခိုင်ခိုင်မာမာရှိဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။
"အဓိကကတော့ သူ့ရဲ့ ရပ်တည်ချက် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး စွပ်စွဲပြစ်တင်တာပဲဖြစ်ဖြစ်၊ ဝေဖန်တာပဲဖြစ်ဖြစ်၊ အဓိကတော့ အထောက်အထားပဲ။ သေချာတဲ့အထောက်အထားတွေနဲ့ ပြောဆိုတာကပိုပြီးတော့ အခြေခံကျပါလိမ့်မယ်။ အခုလောလောဆယ် တွေ့နေရသလောက်တော့ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ ပါတီတစ်ခုနဲ့တစ်ခုကြား တိုက်ခိုက်တဲ့ပုံစံမျိုးက ပိုများနေတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမဆို ချမှတ်ထားတဲ့ သက်ဆိုင်ရာဥပဒေတွေ တည်ဆဲဥပဒေတွေကို မကျော်လွန်ဘဲနဲ့ လုပ်ဆောင်နေတဲ့ ကာလပတ်လုံးကတော့ ဘာမှပြဿနာမရှိဘူး။ ကျော်လွန်တယ်ဆိုရင်လည်း မှန်ကန်တိကျတဲ့ သက်သေအထောက်အထားတွေနဲ့ အရေးယူတာမျိုးဆိုရင်တော့ ဒါကဘာမှ ပြောစရာမရှိဘူး။ ဘယ်အဖွဲ့အစည်းမို့လို့ လွှတ်ပေးတာမျိုးတို့ ဘယ်အဖွဲ့အစည်းမို့လို့ ရှောင်လိုက်တာမျိုးဆိုတာ မဖြစ်ဘဲနဲ့ အဖွဲ့အစည်းအားလုံးပါတီအားလုံးအပေါ်မှာ ညီတူညီမျှ အရေးယူတဲ့ ပုံစံမျိုးဖြစ်မယ်ဆိုရင်တော့ အင်မတန်သင့်တော်တဲ့ လုပ်ဆောင်မှုမျိုး ဖြစ်ပါလိမ့်မယ်။"
ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှုရှိ၊ မရှိ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဦးအေးကျော်ကတော့ ပါတီတစ်ခုအနေနဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို သုံးစွဲရယူတယ်ဆိုတာ ပေါ်လွင်ခဲ့ရင် ပါတီကိုဖျက်သိမ်းတဲ့အထိ အရေးယူခံရနိုင်တယ်လို့ ပြောပါတယ်။
“တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် ရွေးကောက်ပွဲမှာ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေနည်းဥပဒေတွေ ကျူးလွန်တဲ့ မည်သူ့ကိုမဆို ကော်မရှင်အနေနဲ့ သိပ်အချိန်မဆွဲဘဲနဲ့ ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်စေချင်တယ်။ နိုင်ငံပိုင်ပစ္စည်းတွေကို သုံးစွဲတာမျိုးတွေဆိုရင်တော့ ကိုယ်စားလှယ်လောင်းတွေကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ဖျက်သိမ်းပစ်တာမျိုးတွေလည်း အရေးယူလို့ရမယ်။ အပြင်းထန်ဆုံးကတော့ UEC အနေနဲ့ ပါတီအဖြစ်ကနေ ပယ်ဖျက်တာမျိုးတွေလည်း လုပ်လို့ရတယ်။ ဒါကတကယ်ကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ အရေးယူဆောင်ရွက်နိုင်မယ်ဆိုရင်ပေါ့နော်။ အမြင့်ဆုံးကတော့ နိုင်ငံရေးပါတီတစ်ခုဟာ ပြည်သူပိုင်ပစ္စည်းတွေ နိုင်ငံပိုင်ပစ္စည်းတွေကို ရယူသုံးစွဲနေတယ်ဆိုတဲ့အချက် ပေါ်လွင်ခဲ့ ရင် အဲဒီလိုပါတီမျိုးကို ဖျက်သိမ်းပစ်တာမျိုးအထိ အရေးယူလို့ရတာမျိုးတွေရှိတယ်။"
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာလာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်းတစ်ထောင်ကျော် နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Justice For Myanmar အဖွဲ့ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စုစည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝ တိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတယ်လို့ အဖွဲ့က ဒီနှစ် ဧပြီလ ၂၈ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကီရင် (Kirin) ဘီယာကုမ္ပဏီဟာ တပ်မတော်နဲ့ ပူးပေါင်းပြီးရလာတဲ့ အမြတ်အစွန်းတွေကို လူမျိုးတုံး သတ်ဖြတ်တာတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေမှာ အသုံးပြုနေတယ်လို့ စွပ်စွဲပြီး လုပ်ငန်းတွဲဖက်လုပ်ကိုင်မှု ရပ်တန့်ဖို့ Justice for Myanmar အဖွဲ့က မေလ မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သြဂုတ်လမှာတော့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ရရှိလိုက်တဲ့ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်း (ကျပ် ၄၅ ဘီလီယံ) နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအမြတ်ငွေဟာ မြန်မာပြည်သူတွေ ပိုင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိမှာတော့ တပ်မတော် ခေါင်းဆောင်တွေလက်ထဲ ရောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
တပ်မတော်ကတော့ ဒီစွပ်စွဲချက်တွေကို ယခင်ကလည်း ပယ်ချလေ့ရှိပြီး အမြတ်ငွေတွေကို တပ်မိသားစု သက်သာချောင်ချိရေးအတွက် အသုံးပြုတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Justice for Myanmar အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တစ်ခုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပါတယ်။
မကြာသေးခင်က ထွက်ပေါ်လာတဲ့ mVoter 2020 မိုဘိုင်း အက်ပလီ ကေးရှင်း (Mobile App) မှာ လူမျိုးနဲ့ ကိုးကွယ်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာကို ကန့်ကွက်တဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)