ထောင်ချခံရသူ ၃ ဦးလွှတ်ပေးဖို့ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပေးပို့တောင်းဆို
2018.12.12

အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၆ လချမှတ်ခံထားရတဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက်နဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကချင်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦးက လက်မှတ်ရေးထိုးပြီး သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဒီနေ့ စာပေးပို့တောင်း ဆိုလိုက်ပါတယ်။
တရားလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး ထွက်ဆိုချက်အရ တရားစွဲဆိုမှုဟာ တပ်မတော် ကိုယ်စားမဟုတ်ဘဲ တပ်မတော်သားတစ်ဦးအနေနဲ့ စွဲဆိုတာဖြစ်ကြောင်း၊ ဒါ့အပြင် ကိုယ်တိုင်ကြားသိခဲ့ရလို့ မဟုတ်ဘဲ တဆင့်ကြားရတာကို ပြန်ပြီးတရားစွဲဆိုတာကြောင့် ဥပဒေအရ အမှုမမြောက်တဲ့အတွက် တရားမျှတမှုရဖို့ အခုလို တောင်းဆိုတာလို့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် က RFA ကို ပြောပါတယ်။
တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တောထဲမှာပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်တွေ ကို ကယ်ထုတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြ ရာမှာ သုံးနှုန်းခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေဟာ တပ်မတော်ကို ထိခိုက်စေတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဋ္ဌာန ချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒါကို ထောင်ဒဏ် ၆ လစီနဲ့ ငွေဒဏ် ၅ သိန်းစီကျခံဖို့ မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာ ၇ ရက်နေ့က အမိန့်ချလိုက်တာပါ။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။