မူးယစ်ဆေး တိုက်ဖျက်ရေးနေ့ ကချင်ပြည်နယ်မှာ ကျင်းပ
2016.04.25

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပတ်ဂျာဆန် လို့ လူသိများတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လူထုဟောပြောပွဲကျင်းပပြီး လူဦးရေ တစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့သလို ကချင်ပြည်နယ် တနိုင်းမြို့မှာလည်း မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
တနိုင်းမြို့နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ လျော့ကျလာပေမယ့် ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ရောင်းဝယ်သုံးစွဲမှုတွေ တိုးများလာတဲ့အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်မှု များပြားလာအောင် နှိုးဆော်တာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးနော်တောင် က ပြောပါတယ်။
"ဘိန်းခင်းစိုက်ပျိုးထုတ်လုပ်တာ လျော့ကျသွားပြီးမှ ကျနော်တို့ဆီမှာ ဘိန်းဖြူတို့ ရာမတို့ လွယ်လွယ်ကူကူနဲ့ သယ်ဆောင်လို့ရတဲ့အရာတွေက နည်းနည်းပြန်ပြီး တက်လာတယ်လို့ထင်တယ်၊ အခုတက်သစ်စ လူငယ်တွေ လည်း မူးယစ်ဆေးဝါးကို ဆက်ပြီးသုံးစွဲလာတာလည်းရှိတယ် ခင်ဗျ၊ ပြည်သူလူထုအားလုံးက နားလည်ပြီးတော့မှ မူးယစ်ဆေးဝါးကို ပါဝင်လှုပ်ရှားလိုက်မယ်ဆိုရင်တော့ မူးယစ်ဆေးဝါးလျော့ကျအောင် လုပ်နိုင်တယ်လို့ ကျနော် တို့မျှော်လင့်တယ်"
တနိုင်းမြို့မှာ ဆန္ဒပြပွဲအပြင် ကချင်နှစ်ခြင်းအသင်းတော် KBC ဘုရားရှိခိုးကျောင်းမှာ ဟောပြောပွဲနဲ့ ဓါတ်ပုံပြပွဲလည်း ကျင်းပခဲ့ပါတယ်။
အလားတူပဲ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့တွေမှာ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ နဲ့ လူငယ်တွေစုပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များလာတာကို ဆန့်ကျင်တဲ့ ဟောပြောပွဲနဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ကို ကချင်အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် ကချင်လူမှုရေး အဖွဲွ့အစည်းတွေက သတ်မှတ်ထားတာဖြစ်ပါတယ်။