ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကချင်ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်မည်
2019.02.12

ရှမ်းမြောက်နဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေးကို ကချင် ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်လူသားချင်း စာနာမှုကော်မတီ KHCC က ဦးဆောင်ပြီး လာမယ့်မတ်လမှာ စတင်အကောင်ထည်ဖော်သွားမယ်လို့ KHCC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန် က ပြောပါတယ်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ တပ်မတော်၊ KIA တို့နဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကိုပြောပါတယ်။
တပ်မတော်နဲ့ KIA နှစ်ဖက်သဘောတူတဲ့နေရာတွေကို ဦးစားပေးပြီး နေရာချထားပေးမှာဖြစ်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့က KHCC ခေါင်းဆောင်တွေနဲ့ ဦးဇော်ဌေး ဦးဆောင်တဲ့ NRPC အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးအပြီးမှာ ကချင်လူသားချင်းစာနာမှုကော်မတီ KHCC ဦးဆောင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
"နမ်ဆန်ယန်ပြန်တယ်ဆိုတာက လုံခြုံမှုမရှိသေးဘူး၊ ပြန်တာက တရွာလုံးပြန်တာမဟုတ်ဘူး နောက်သူတို့ ကလည်း အိမ်မှာနေတာမဟုတ်ဘူး၊ ဘုရားကျောင်းမှာပဲနေနေတာ နောက်ထပ်သူတို့ကိုထောက်ပံ့တဲ့ အထောက်တွေလည်း မရှိတော့ဘူး၊ အဲဒါကိုမဖြစ်စေချင်ဘူး အဲဒါကြောင့်မလို့ KHCC က ဦးဆောင်ပြီးမှ နိုင်ငံတကာကူညီမှုတွေ၊ သက်ဆိုင်ရာအစိုးရကူညီပံ့ပိုးမှုတွေယူပြီး လုပ်မှသာလျှင် IDPတွေဟာ စိတ်ချစွာအိမ်ပြန်နိုင်မယ်"
ဒါကတော့ KHCC ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန် ပြောသွားတာဖြစ်ပါတယ်။
ကချင်ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့ KHCC အဖွဲ့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အစီအစဉ်တွေရေးဆွဲနေပြီး KIA၊ NRPC၊ တပ်မတော်တို့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ ပညာရေးကိစ္စတွေ ဆောင်ရွက်ပေးဖို့ အရေးကြီးတယ်လို့ အကြံပြုပြောပါတယ်။
"နံပါတ်ပြောရရင် လုံခြုံရေးပေါ လုံခြုံရေးလိုပြောရင် တိုက်ပွဲကင်းရှင်းရုံတင်မကပဲ သူတို့နေထိုင်စားသောက် တဲ့နေရာမှာလည်း အန္တရာယ်ကင်းရှင်းဖို့ လိုအပ်တယ်၊ ဒုတိယတစ်ခုက သူတို့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းပြုနိုင်ဖို့ ပံ့ပိုးပေးဖို့လိုအပ်တယ်၊ တတိယအနေနဲ့ ကလေးတွေအတွက် ပညာရေးက အဓိကလိုအပ်တယ်၊ အခုဆိုရွာတိုင်းမှာ ကျောင်းတွေမရှိတော့ဘူး၊ ကျောင်းတွေပြန်မဆောက်ရင် ကျောင်းဖွင့်တဲ့ရာသီရောက်ရင် အကုန်ပြန်ထွက်သွားကြမှာပဲ"
အစိုးရ၊ တပ်မတော်နဲ့ ကေအိုင်အိုအဖွဲ့တွေက မိုင်းရှင်းလင်းရေးကိုလည်း တဆက်တည်း ပူးပေါင်းဆောင်ရွက်သွားဖို့ လျာထားတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန် က ပြောပါတယ်။
"နှစ်ဖက်ကညှိနှိုင်းတဲ့အခြေအနေမှာ အဲတာတွေပါမယ်၊ သူတို့အားလုံးသဘောတူတဲ့နေရာမှာ ကျနော်တို့က မိုင်းရှင်းလင်းရေးတွေ အရင်လုပ်ပြီးမှ တည်ဆောက်ရေးတွေလုပ်ပြီးမှ သူတို့ကိုပြန်ပို့မှာ ကျနော်တို့က အဆင့်လိုက်ဆောင်ရွက်သွားမှာပါ"
ဒီဒုက္ခသည်တွေနေရပ်ပြန်ရေးမှာ တပ်မတော်နဲ့ KIA တို့ကြား သဘောတူညီမှုရတဲ့ နေရာတွေမှာ အရင်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ
"ငြိမ်းချမ်းရေးလည်းမရသေးဘူး၊ နိုင်ငံရေးတည်ငြိမ်မှုလည်းမရှိတဲ့အခါကျတော့ စစ်လည်းပြန်ဖြစ်နိုင်တာပေါ့ အဲတာကြောင့်ပါ၊ ဒါပေမဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးနေတဲ့အခါမှာ အဆင်ပြေရင်တော့ ဒါကရမှာပါ တကယ်လို့များဆွေးနွေးတဲ့အခါမှာ ဘာမှသဘောတူညီချက်မရတဲ့အခါကျတော့ ပြဿနာတွေကဖြစ်နိုင်တယ်လို့ ပြောလိုတာဖြစ်ပါတယ် "
ဒီလကုန်ပိုင်းလောက်မှာ KIA အဖွဲ့ဟာ NRPC တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရှိပြီး စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ထည့်သွင်းဆွေးနွေးနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
တပ်မတော်နဲ့ KIA တို့ကြား ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ နှစ်ကုန်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တစ်သိန်းကျော် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။