ဖမ်းဆီးခံတွေလွှတ်ပေးဖို့ ကချင်ကွန်ဂရက်တောင်းဆို


2018.12.17
wkc-statement-622 သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သို့ နိုင်ငံတကာကချင်ကွန်ဂရက် World Kachin Congress က ပေးပို့သည့်စာ။
(Screenshot)

အကျဉ်းကျခံနေရတဲ့ မနန်ပူ၊ ကိုဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ သုံးဦးကို လွှတ်ပေးဖို့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကချင်ကွန်ဂရက်က ဒီနေ့ရက်စွဲနဲ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။

ကချင်လူငယ်ခေါင်းဆောင် မနန်ပူ၊ ကိုဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ သုံးဦးကို ချက်ခြင်းလွှတ်ပေးဖို့၊ ဒီလူငယ်ခေါင်းဆောင်တွေ လွတ်မြောက်ရေး တောင်းဆိုရင်း အရေးယူခံနေရတဲ့ မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်နဲ့ ကိုဆိုင်းခွန်အောင်တို့ သုံးဦးအပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ပေးဖို့၊ IDP စစ်ပြေးဒုက္ခသည်တွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ပို့ဆောင်ခွင့်ပြုဖို့နဲ့၊ စစ်ပြေးဒုက္ခသည်တွေကို လူသားဒိုင်းအကာလို အသုံးချနေတဲ့ မြန်မာစစ်တပ်က တာဝန်ရှိသူတွေကို တည်ဆဲဥပဒေနဲ့အညီ စုံစမ်းစစ်ဆေး အရေးယူပေးဖို့… စတဲ့အချက်လေးချက်ကို တောင်းဆိုခဲ့ကြတာပါ။

အကျဉ်းကျခံနေရတဲ့ ကချင်လူငယ်သုံးဦးဟာ… မြန်မာစစ်တပ်နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း တောထဲမှာပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေက တောင်းဆိုဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့သုံးဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက အသရေဖျက်မှုပုဒ်မ ၅ဝဝ နဲ့ တရားစွဲခဲ့တာဖြစ်ပြီး၊ ဒီဇင်ဘာလ ၇ ရက်နေ့ကပဲ ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီ ကျခံဖို့ မြစ်ကြီးနားတရားရုံးက စီရင်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အခုလို ဆောင်ရွက်ချက်တွေအပေါ် ရေငုံနှုတ်ပိတ်နေတာဟာ အစိုးရက အားပေးအားမြှောက် လုပ်သလို ဖြစ်နေတယ်လို့လည်း နိုင်ငံတကာကချင်ကွန်ဂရက်ရဲ့ တောင်းဆိုစာထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။