ကချင်စစ်ပွဲ သေဆုံးခဲ့ရသူတွေ အတွက် ရန်ကုန်မှာ လမ်းလျှောက်ဆုတောင်း


2013.06.09
kachin-1-year-annivasary-305.JPG ကချင်စစ်ပွဲပြန်လည်ဖြစ်ပွားမှု ၂ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သေဆုံးခဲ့သူတွေကိုရည်စူးတဲ့ လမ်းလျှောက်ချီတက်ပွဲကို ဇွန်လ ၉ ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့စဉ်
photo: RFA/ Thiha Tun

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သေဆုံးခဲ့သူတွေကို ရည်စူးပြီး လမ်းလျှောက်ချီတက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့အစည်းတွေက လူဦးရေ ၁၅ဝ ကျော်ဟာ လွမ်းသူ့ပန်းခွေတွေ ကိုင်ဆောင်ကာ ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ အလုံမြို့နယ်မှာရှိတဲ့ တေဇောရတနာရာမ ဘုန်းကြီးကျောင်းတိုက်အထိ လမ်းလျှောက်ကြပြီး ဆုတောင်းအမျှပေးဝေခဲ့ကြပါတယ်။

ကချင်ပြည်နယ် စစ်ပွဲတွေအတွင်း သေဆုံးခဲ့ကြတဲ့ အစိုးရနဲ့ ကေအိုင်အို တပ်ဖွဲ့ဝင်တွေ အပြင် ဒေသခံပြည်သူတွေ အားလုံးအတွက် ဆုတောင်းပေးကြတာလို့  ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင် မခင်စန္ဒာညွန့်က RFA ကို အခုလို ပြောပါတယ်။

“ပြည်တွင်းစစ်ကြောင့် သေဆုံးသွားတဲ့ အကုန်လုံးအတွက် သေဆုံးသွားတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး စစ်တပ်၊ တပ်မတော်သားများ အကုန်လုံးပေါ့နော်၊ အားလုံးအတွက် အမျှဝေဆုတောင်းမေတ္တာပို့တဲ့ အခမ်းအနားကို လုပ်တာဖြစ်ပါတယ်၊ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ အမြဲမပြတ်အမှတ်ရနေစေဖို့ ဒီထဲမှာပူပေါင်းပါဝင်နေဖို့အတွက် ကျွန်မတို့တွေလုပ်ရမယ့်ကိစ္စပါ၊ အမြဲတွန်းတင်ထားရမယ့်ကိစ္စပါ၊ ရပ်လိုက်လို့ မရပါဘူး”

ဒီကနေ့ဆုတောင်းပွဲကို နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ လိုင်ဇာချီတက်လမ်းလျှောက်အဖွဲ့၊ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၂ဝ ကျော် ပါဝင်ခဲ့ကြပါတယ်။

အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း မြိုခံလူထုတွေက ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။