မူးယစ်ဆေးဝါးသုံးစွဲမှု ထိရောက်စွာနှိမ်နင်းဖို့ အဆိုတင်


2017.12.05
kachin-parliament-drug-622.jpg ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ ကချင်ပြည်နယ်လွှတ်တော်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို ထိရောက်စွာနှိမ်နှင်းဖို့ တိုက်တွန်းကြောင်းအဆိုကို အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန် တင်သွင်းစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ကျောင်းတွေအပါအဝင် မြို့ရွာရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုတွေကို ထိရောက်စွာနှိမ်နှင်းဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို အင်ဂျန်းယန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ  ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

ကျောင်းသားလူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေအကြားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ မှုတွေ မြင့်မားနေတဲ့အတွက် အစိုးရက စီမံချက်ချပြီး ဆောင်ရွက်စေလိုတာကြောင့် အင်ဂျန်းယန်မြို့နယ် ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က တင်သွင်းတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"ပိုဆိုးရွားသော မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေတယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်ရဲ့ ရှေ့ရေးအနာဂတ်ခေါင်းဆောင်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးတဲ့ ကချင်ပြည်နယ် ရဲ့ ဂုဏ်ဆောင် တက္ကသိုလ်ဝင်းလို နေရာမှာတောင်မှ မူးယစ်ဆေးဝါးကို အလွယ်တကူရနိုင်ပြီး အတား အဆီးမရှိ သုံးစွဲနေနိုင်တဲ့ အနေအထားဟာ အလွန်တရာဆိုးရွားတဲ့ အခြေအနေကို တွေ့မြင်ခဲ့ရတဲ့ အတွက် ထိရောက်တဲ့မူဝါဒနဲ့ စီမံချက်များကို ချမှတ်ပြီး တာဝန်ရှိသူများနဲ့ ပူးပေါင်းပါဝင်သင့်သူများ ပါဝင်စေလျက် တိုက်ဖျက်ဖို့ အဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။"

အဆိုကို ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ် ဦးနော်လီက ထောက်ခံခဲ့တဲ့အတွက် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေး ကြမှာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်တဲ့ နယ်စပ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေနဲ့အတူ ရဲတပ်ဖွဲ့အပါအဝင် အစိုးရအာဏာပိုင်တွေရဲ့ နှိမ်နှင်းမှု အားနည်းချက်တွေကြောင့် ကချင်ပြည်နယ်က မြို့ရွာရပ်ကွက်တွေအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ကျယ်ပြန့်နေတာဖြစ်တယ်လို့ ဒေသခံတွေက မကြာခဏ ပြောဆိုနေကြ တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။