တိုက်ပွဲတွေကြောင့် မြစ်ကြီးနားဘက်ကို ထွက်ပြေးလာသူတွေများ


2018.04.27
kachin-villagers-flee-622.jpg အင်ဂျန်းယန်မြို့နယ်တဝိုက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မြေးအဘွားကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Ja Seng Hkawn Maran's Facebook

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်က KIA အဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ဒေသမှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးနားဒေသ ရွာပေါင်း ၂၀ နီးပါးက ဒေသခံ တစ်ထောင်နီးပါး ဟာ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြပါတယ်။

အဲဒီစစ်ဘေးရှောင်ဒုက္ခသည်တွေကို မြစ်ကြီးနားမြို့အထက်ဘက်မှာရှိတဲ့ မြစ်ဆုံအနီးက တန်ဖရဲရွာမှာ နှစ်ဖွဲ့ ခွဲပြီး နေရာချထားပေးရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ က ပြောပါတယ်။

‘’အခုတန်ဖရဲမှာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး နေရာချထားပေးထားတယ်၊ ကျွန်တော်တို့ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက် တန်ဖရဲဖက်မှာရောက်လာတဲ့ IDP တွေကိုသွားပြီးကူညီခိုင်းထားတယ်၊ ဒီန့လည်းအဲဒီဖက်ကို သွားပြီးကူညီပေးနေကြတယ်’’

ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့ကစပြီး အင်ဂျန်းယန်ဒေသတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပြီး ဒေသခံတွေ ဟာ သူတို့ရွာတွေထဲ မလုံခြုံတော့တဲ့ အခြေအနေတွေကြောင့် မနေ့က ဧပြီလ ၂၆ ရက်နေ့မှာ တန်ဖရဲရွာဘက် ကို ရောက်လာကြရတာလို့ ပြောပါတယ်။

အဲဒီတန်ဖရဲရွာကို ကချင်ပြည်နယ် ဒီမိုကရေစီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ကချင် ခရစ်ယာန်အသင်းတော်က ခေါင်းဆောင်တွေ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။  

ကချင်ပြည်နယ်အတွင်း နေရာအတော်များများမှာ ဒီလပိုင်းအတွင်း တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တနိုင်းမြို့နယ်ထဲက ဒေသခံထောင်ကျော်ဟာ သူတို့ ကျေးရွာတွေအနီး က တောတောင်တွေထဲမှာ ပုံးအောင်းခိုလှုံနေကြသူတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။