အင်ဂျန်းယန်က စစ်ဘေးဒုက္ခသည်တွေကို တောင်ယာလုပ်ငန်းတွေ လုပ်ခွင့်ပြု
2018.05.20

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့ပေါ်မှာ ယာယီခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်က တောင်ယာလုပ်ငန်း တွေမှာ ပြန်လည်လုပ်ခွင့်ပြုလိုက်တယ်လို့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး က ဒီနေ့ ပြောပါတယ်။
တောင်ယာလုပ်ငန်းတွေ ပြန်လုပ်ချင်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက တင်ပြလာတာကို ခရိုင်တာဝန်ရှိသူတွေ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လုံခြုံရေးယူပေးနေတဲ့အဖွဲ့တွေနဲ့ ဒီကနေ့ ညှိနှိုင်းပေးခဲ့တာ ဖြစ်တယ်လိ့ု မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လဒီး က ပြောပါတယ်။
"အစည်းအဝေးမှာ သူတို့ရဲ့ တောင်းဆိုချက်တွေကို လုံခြုံရေးယူထားတဲ့ အဖွဲ့အစည်းတွေကို ပြန်ပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းပေးလိုက်တဲ့အခါ လုံခြုံရေး တာဝန်ယူပေးထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့တော့ ခွင့်ပြုပေးလာတာပေါ့။ သူတို့ တောင်ယာတွေ၊ လယ်တွေလုပ်ချင်တယ်၊ အဲဒါ ခွင့်ပြုပေးနိုင်မလားဆိုတဲ့ဟာက သဘောတူထား၊ ခွင့်ပြုပေးထားပြီးပြီ"
စစ်ဘေးဒုက္ခသည်တွေက တောင်ယာလုပ်ငန်း ပြန်လုပ်လို့မရရင် မြစ်ကြီးနားဘက်ကို ယာယီရွှေ့ပြောင်းနေလိုတယ် ဆိုပြီး တင်ပြမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အင်ဂျန်းယန်မြို့ပေါ်ကို ရောက်ရှိနေသူတွေကို စားနပ်ရိက္ခာတွေအပြင် လိုအပ်တဲ့ အကူအညီပေးဖို့ အတွက် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီ အသင်း၊ အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေတစ်ချို့ဟာ အင်ဂျန်းယန်ခရီးစဉ်ကို မနေ့က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ကေအိုင်အေ နဲ့ အစိုးရတပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် အင်လောက်ယန် နဲ့ အင်ကိုင်းကောင် ကျေးရွာတွေက လူဦးရေ ၁၄၀ လောက်ဟာ အင်ဂျန်းယန်မြို့ပေါ်က ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေကြ ရတာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ မေလ ၂၅ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံမှာဖြစ်ပေမယ့် အင်ဂျန်းယန်မှာတော့ စစ်ဘေး ဒုက္ခသည်တွေထဲက ကျောင်းသား ကျောင်းသူတွေကို မနက်ဖြန်ကစပြီး ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ပုံမှန်အတိုင်း စာသင်ကျောင်းတွေ ဖွင့်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ အတွင်း တနိုင်း၊ အင်ဂျန်းယန်၊ မိုးကောင်း၊ ဖားကန့် စတဲ့ဒေသတွေမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အိုတို့ရဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၄ ထောင် လောက်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။