ကချင်ပြည်နယ်မှာ ဧရာ၀တီမြစ်ရေ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ သတိပေး
2024.07.20
ကချင်ပြည်နယ်မှာ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ကျဆင်းနေပေမယ့် လာမယ့် ဆယ်ရက်အတွင်းမှာ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ဇူလိုင်လ ၂၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ရွေကူနဲ့ စစ်ကိုင်းတိုင်း ကသာမြို့တို့မှာ လက်ရှိရောက်နေတဲ့ ရေမှတ်အထက် တစ်ပေကနေ ငါးပေအထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဧရာ၀တီမြစ်လယ်ပိုင်းဖြစ်တဲ့ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံနဲ့ ပြည်မြို့တွေမှာတော့ ဇူလိုင်လကုန်အထိ လာမယ့် ၁၀ ရက်အတွင်းမှာ လက်ရှိရေမှတ်အောက် သုံးပေကနေ ခြောက်ပေအထိ ပြန်လည်ကျဆင်းလာမယ်လို့ မိုး/ဇလ ဌာနက ခန့်မှန်းပါတယ်။
သံလွင်၊ စစ်တောင်း၊ ဒုဌ၀တီ၊ သောင်ရင်း၊ ရွှေကျင်၊ ပဲခူး၊ ငဝန်နဲ့ ဘီးလင်းမြစ်ရေတွေကတော့ လက်လက်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၄ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံမှုတွေ ကြုံနေရကြောင်း မိုး/ဇလ ဌာနက ထုတ်ပြန်ထားပါတယ်။