ပင်လုံညီလာခံအတွက် ကချင်မျိုးနွယ်စုတွေ ဆွေးနွေး
2016.07.08

၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားကိုယ်စားလှယ် အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့အတွက် ကချင်မျိုးနွယ် စုတွေက ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကိုယ်စားလှယ် ရွေးချယ်နိုင်ဖို့ နှီးနှောဖလှယ်ပွဲကို စတင်လိုက်ပါတယ်။
မြစ်ကြီးနားမြို့ မနောကွင်းဥယျာဉ်မှာပြုလုပ်တဲ့ ကချင်တိုင်းရင်း သားများဆိုင်ရာ လူထုဖိုရမ်အခမ်းအနားမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Dr. M ကောန်လ က ကချင်မျိုးနွယ်စုတွေရဲ့ ကိုယ်စားပြုခွင့်ရဖို့အကြောင်း အခုလို ပြောပါတယ်။
"UPDJC မှာ ကျနော်တို့ပါတဲ့ လွှတ်တော်မှာသော်၎င်း၊ အစိုးရအဖွဲ့သော်၎င်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သော်၎င်း၊ တိုင်းရင်းသားလူထုရဲ့ အထူးသဖြင့် ကျနော်တို့ ကချင်ကိုယ်စားလှယ်သည် အခု ၂ဝ၁၆ လွှတ်တော်မှာလည်း ၁၇ ဦးပဲရှိတယ်၊ အဲ့ဒီ ၁၇ ဦးအား ကျနော်တို့ တိုင်းရင်းသားလူမျိုးစုကြီး ၆ စုရဲ့ ကချင်ပြည်နယ်အဝှမ်း၊ မြန်မာပြည်အဝှမ်းမှာရှိတဲ့ကိုယ်စားပြုမှုကို ကျနော်တို့က မေးခွန်းထုတ်ရလိမ့်မယ်၊ ဒါနဲ့တော့ ကျနော်တို့က မလုံလောက်ဘူး၊ ဒီလူတွေ ပြောတာဆိုတာနဲ့တော့ ကျနော်တို့က မပြည်စုံဘူးလို့ ယူဆတယ်၊ ပါတီတွေ ထောက်ခံတာရှိသလို မထောက်ခံတဲ့အစုအဖွဲ့ မြောက်များစွာရှိတယ်၊ ဒီတော့ ကျနော်တို့က လူထုကိုယ်စားပြုမှုကို ဒါကအရေးပါတယ်၊ ဒီအတွက် ကျနော်တို့ ဒီနေ့ဒီဖိုရမ်ကို ဆောင်ရွက် ရခြင်းဖြစ်တယ်"
ဒီကနေ့ပြုလုပ်တဲ့ဖိုရမ်ကနေ ၂၁ ရာစု ပင်လုံညီလာခံရဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ အခန်းကဏ္ဍ မှာပါဝင်နိုင်ဖို့အတွက် ကချင်မျိုးနွယ်စု ၆ ခုရဲ့ မျိုးနွယ်စုတွေအလိုက် ကိုယ်စားလှယ်တွေကို ရွေးချယ် ကြမှာဖြစ်ပါတယ်။
ဒီနေ့ စတင်ပြုလုပ်တဲ့ဖိုရမ်ကို ကချင်လူမျိုးများရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ဦးဆောင်ပြုလုပ်နေ တာဖြစ်ပြီး ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါး စတဲ့ ကချင်မျိုးနွယ်စု ၆ မျိုးက ကိုယ်စားလှယ် သုံးရာကျော် တက်ရောက်နေကာ မနက်ဖြန်မှာလည်း ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။