ကချင်နယ်စပ်ဂိတ်နှစ်ခုကနေ အခွန် ၁၃ ဘီလီယံကျော်ရ


2017.04.30
kachin-gate-620.jpg ကချင်ပြည်နယ် နယ်စပ်ဂိတ်တစ်နေရာကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကချင်ပြည်နယ်က ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်း နှစ်ခုမှာ ဖွင့်လှစ်ထားတဲ့ဦးစီးဋ္ဌာန ၅ ခုကနေ အခွန်ငွေကျပ် စုစုပေါင်း ၁၃ ဘီလျံကျော် ကောက်ခံရရှိခဲ့တယ် လို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

ငြိမ်းချမ်းရေးအပြည့်အဝရခဲ့မယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေ ပိုမိုကောင်းမွန်လာနိုင်တဲ့အတွက် နိုင်ငံတော်က အခွန်ငွေတွေ တိုးတက်ရရှိပြီး ဒေသဖွံ့ဖြိုးရေးတွေကို တိုးမြှင့်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း က RFA ကို ပြောပါတယ်။

"ကျနော်တို့ မြန်မာကျပ်ငွေချည်းပဲ ပြောမယ်ဆိုလို့ရှိရင် အားလုံး ကျပ်သန်းပေါင်း ၁၃၉၆၇.၇၀ သန်းရရှိ ပြီးတော့မှ ဘီလျံနဲ့ ပြောမယ်ဆိုရင်တော့ ၁၃.၉၆၇ ဘီလျံကောက်ခံရရှိတဲ့အကြောင်း ကျနော်ဖြေကြား လိုပါတယ်။ ငြိမ်းချမ်းရေးကောင်းတယ်ဆိုရင်တော့ ကျနော်တို့က တားမြစ်ထိန်းချုပ်ကန့်သတ် မှုတွေ လျှော့ချမယ်ဆိုရင်တော့ ကုန်စည်စီးဆင်းမှုတွေက အများကြီးအားကောင်းလာမှာပေါ့"

အဲဒီ ၁၃ ဘီလီယံ ကျော်ဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်စည်စီးဆင်းမှုအပေါ်မှာ ဌာနတစ်ခုချင်းစီ အလိုက် ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်း ပမာဏဖြစ်တယ် လို့ ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှာ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဋ္ဌာန၊ မြန်မာ့စီးပွားရေးဘဏ် စတဲ့ ဋ္ဌာန ၅ ခုကိုဖွင့်လှစ်ပြီး အခွန်ကောက်ခံနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နယ်မြေမလုံခြုံမှုကို အကြောင်းပြုပြီး ရွှေ၊ကျောက်စိမ်း၊ သစ်မျိုးစုံစတဲ့ သဘာဝသယံဇာတတွေ အပါအဝင် တရားမဝင် ကုန်စည်မျိုးစုံကို တရုတ်ပြည်ဘက် နည်းအမျိုးမျိုး နဲ့ မှောင်ခိုသယ်ယူမှုတွေရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။