ကချင်ဒုက္ခသည်စခန်းကို စစ်တပ်တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ AI ပြော
2023.10.13

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို မြန်မာစစ်တပ် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၈ ယောက် သေဆုံးခဲ့ပြီး အဲဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ညက မုန်လိုင်ခက်ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုမှာ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ စခန်းအနီးမှာ ကြီးမားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး၊ မြန်မာစစ်တပ်ရှိနေတဲ့ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုနောက်ပိုင်း ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို AI အဖွဲ့က ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒီတိုက်ခိုက်မှုမှာ အသုံးပြုတဲ့ လက်နက်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်က ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တွေ တော်တော်များများ ပြိုလဲကျသွားပြီး မီးတွေလောင်ကုန်တဲ့အပြင် ပေါက်ကွဲမှုကြောင့် မြေပြင်မှာ ရှိနေတဲ့သူတွေဟာလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြတ်ထွက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုလူသေစေလောက်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူ့အသက်ကို လုံးဝ အလေးမထားတာ သက်သေပြနေကြောင်း၊ မုန်လိုင်ခက်ဒုက္ခသည်စခန်းကို အခုလိုတိုက်ခိုက်တာဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ကနေ အရပ်သားပြည်သူတွေကို အလွန်အကျွံ အင်အားသုံးတိုက်ခိုက်မှု မြောက်များစွာထဲက တစ်ခုသာ ဖြစ်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုအများစုက စစ်ရာဇဝတ်မှု မြောက်တယ်လို့ AI အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး Matthew Wells က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေကို အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မြန်မာစစ်တပ်ကို လေယာဉ်ဆီအပါအဝင် လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ထားသင့်တယ်လို့ AI က ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
စစ်ဘေးဒုက္ခသည် မိသားစု ၁၅၀ လောက် ခိုလှုံနေကြတဲ့ မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်းဟာ မြန်မာစစ်တပ်နဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်နေတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIA/KIO ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာကနေ သုံးမိုင်ပဲ ကွာဝေးတဲ့နေရာမှာ ရှိနေတယ်လို့ AI က ပြောပါတယ်။
ဒီတိုက်ခိုက်မှု သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆိုထားပေမဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ အဲဒီလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြပါတယ်။