မြေလွတ်ဧက ၆သိန်းဝန်းကျင် ပြန်လည်အပ်နှံဖို့ ပြည်နယ်အစိုးရ အကြောင်းကြား
2017.10.02
ကချင်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧရိယာတွေပေါ်မှာ လုပ်ပိုင်ခွင့်ရရှိထားပေမယ့် လုပ်ငန်း အကောင်အထည်မဖော်သူတွေအနေနဲ့ လာမယ့် အောက်တိုဘာ ၇ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ပိုင်ခွင့်ပြုမိန့် ကဒ်မူရင်းတွေကို ပြန်လည်အပ်နှံကြဖို့ အစိုးရက ပထမအကြိမ် အကြောင်းကြားလိုက်ပါတယ်။
အရင်အစိုးရလက်ထက် ဗဟိုအဖွဲ့က ခွင့်ပြုပေးထားတဲ့ ဧက ၆ သိန်းဝန်းကျင်ကို ပြန်လည်အပ်နှံဖို့ အကြောင်း ကြားထားတာဖြစ်တယ်လို့ ပြည်နယ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးသိန်းလွင် က ပြောပါတယ်။
"ဗဟိုအတွက် သီးသန့်အကြောင်းကြားသလို ဒေသကြိုတင်ခွင့်ပြုမိန့်ကိုလည်း သီးသန့်စာတစ်စောင်နဲ့ အကြောင်းကြားတယ်။ အဓိကတော့ ၃၀၃ ဦးပဲ အပ်ဖို့ပါ။ ဧကကတော့ ငါးသိန်းကိုးသောင်းကို ပြန်အပ်မယ်။ ငါးသိန်းကိုးသောင်းက အကောင်အထည်ဖော်တဲ့ဧကကို ကျနော်တို့ လုပ်ပိုင်ခွင့် ပြန်ထုတ်ပေးမယ်။ အရင်တုန်း ကတော့ ယခင်ဗဟိုအဖွဲ့ခေါ်တာပေါ့။ ခွင့်ပြုမိန့် ထုတ်ပေးထားတဲ့ ကဒ်တွေအပ်ဖို့ရာကတော့ ၃၀၃ ဦးနဲ့ ငါးသိန်းကိုးသောင်းကျော်ရှိတယ်။ ပထမအကြိမ်နှိုးဆော်တာပေါ့။ ၇ ရက် ၁၀ လ နေ့မှာ အပ်နှံဖို့ဆိုပြီးမှ အကြောင်းကြားလိုက်တယ်။ ၇ ရက် ၁၀ လကတော့ အခုမပြည့်သေးဘူးပေါ့နော်"
၂၀၁၂ ခုနှစ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ မရေးဆွဲမီ အရင်အစိုးရလက်ထက် ဒေသ အာဏာပိုင်တွေက ကြိုတင်ခွင့်ပြုခဲ့တဲ့ ဧက ၆ သိန်းကျော်ကိုတော့ ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။
အဲဒီမြေဧရိယာတွေမှာ အမှန်တကယ်အကောင်အထည်ဖော်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနဲ့အညီ ပြန်လည်တင်ပြလျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။
မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ လုပ်ပိုင်ခွင့်ရထားတဲ့မြေတွေကို ငှားရမ်းရောင်းချခွင့် မရှိသလို ၄ နှစ်ပြည့်တဲ့အထိ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အကောင်အထည်မဖော်ဘူးဆိုရင် လုပ်ကိုင်ခွင့် အလိုအလျောက် ရုပ်သိမ်းပြီးဖြစ်ပါတယ်။
အစိုးရကအကြောင်းကြားထားတဲ့အတိုင်း လုပ်ပိုင်ခွင့်ကဒ်တွေကို လာရောက်အပ်နှံပြီးရင် အထူးအဖွဲ့တွေရဲ့ စိစစ်အတည်ပြုမှုပေါ်မူတည်ပြီး လာမယ့် ဒီဇင်ဘာလအတွင်းမှာ လုပ်ပိုင်ခွင့်ပြုမိန့် လက်မှတ်တွေကို ပြန်လည် ထုတ်ပေးနိုင်ဖ့ို စီစဉ်နေတာလည်း ဖြစ်ပါတယ်။