ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ၂ဝ ခန့် မနောအားကစားကွင်းမှာ မဲဆွယ်စည်းရုံး
2015.10.20

ပြည်ခိုင်ဖြိုးပါတီဟာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားသွားမယ်လို့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောအားကစားကွင်းမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၂ဝ လောက်က မဲဆွယ်စည်းရုံးရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ပြောတာဖြစ်ပါတယ်။
"တစ်ကြိမ်တစ်ခါမှ လျှောက်လှမ်းဖို့ရာအတွက် အခွင့်အရေးမရခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဦးဆောင်ပြီးတော့ မမှိတ်မသုဉ်တည်ဆောက်နေတာဟာ ဟောဒီ ပြည်ထောင်စု နဲ့ ကြံ့ခိုင်ရေးပါတီပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဖက်ဒရယ်ပြည်ထောင်စုအစ ပြည်ခိုင်ဖြိုးပါတီကဖြစ်ပါတယ်၊ တိုင်းရင်းသားပြည်သူတွေအားလုံး လိုလားနေသော တောင့်တနေသော ထာဝရငြိမ်းချမ်းရေးကြီးကို ဦးဆောင်ပြီးဖော်ဆောင်နေတာ ပြည်ခိုင်ဖြိုးပါတီပဲဖြစ်ပါတယ်"
ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်လည်ရောက်ရှိဖို့ ကြိုးစားပေးသွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မဲဆွယ်ပွဲကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၂ဝ လောက် တက်ရောက်ခဲ့ပြီး လက်ရှိ ကချင်ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလဂျွန်ငန်ဆိုင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်တို့က ဟောပြောစည်းရုံးခဲ့ပါတယ်။ ဒီဟောပြောပွဲကို ဒေသခံ တစ်သောင်းလောက် တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။