ပုဂံစေတီပုထိုးတွေ ပြုပြင်ဖို့ ကချင်ပြည်နယ် ကိုယ်စားလှယ်တွေ တစ်ရက်စာစရိတ် လှူဒါန်း


2016.09.07
myathwaesan-620.jpg မိုးကောင်းမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ ကို စက်တင်ဘာလ ၇ ရက်နေ့က ကချင်ပြည်နယ်လွှတ်တော် မှာ တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

မြန်မာနိုင်ငံအလယ်ပိုင်းမှာ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ဘေးဒဏ်သင့် ခဲ့ရတဲ့ ပုဂံက စေတီပုထိုးတွေ ပြန်လည်ပြုပြင်ဖို့အတွက် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ရက် စာ နေ့တွက်စရိတ်ကို ဒီနေ့ စုပေါင်းလှူဒါန်းလိုက်ပါတယ်။

ဘာသာရေးအတွက်သာမက ယဉ်ကျေးမှုအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ ပုဂံဒေသက စေတီပုထိုးတွေ ပြုပြင် ထိန်းသိမ်းရေးအတွက် လှူဒါန်းရတာ ကို ကျေနပ်တယ်လို့ မိုးကောင်းမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ က ပြောပါတယ်။

"ဒီနေ့အစည်းအဝေးတက်တဲ့ ကိုယ်စားလှယ်တွေ အားလုံး ၄၉ ယောက်ရှိပါတယ်၊ ၄၉ ယောက်က တစ်ရက်ကို ရတဲ့ နေ့တွက်စရိတ် ၂ သောင်းကို အကုန်လုံးလှူဒါန်းတာဖြစ်ပါတယ်၊ စုစုပေါင်း ၁၀ သိန်းကို ၂ သောင်းလျော့ ပါတယ်၊ ရှေးဟောင်းပုဂံမြေက ဘာသာရေးအရမကပါဘူး၊ ကျမတို့တိုင်းပြည်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်ဖြစ်တဲ့အတွက် ဒီလိုလှူဒါန်းရတာကို အရမ်းကျေနပ်ပီတိဖြစ်ပါတယ်လို့ ပြောချင်ပါတယ်"

ကချင်ပြည်နယ်လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၅၃ ယောက်ရှိရာ ဒီကနေ့ လွှတ်တော်အစည်းအဝေးကို ၄၉ ဦး တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ လွှတ်တော် တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၄၉ ဦးရဲ့ တစ်နေ့စာ နေ့တွက်စားရိတ် စုစုပေါင်း ၁၀သိန်း နီးပါးကို လှူဒါန်းလိုက် တာဖြစ်ပါတယ်။

သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ရစ်(ချ်)တာစကေး ၆ . ၈ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် ပုဂံဒေသက ဘုရား၊ စေတီ ၄၀၀ နီးပါး ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။