အဆိုတွေကို အစိုးရအကောင်အထည်ဖော်မှု နှေးကွေး


2018.04.03
kachin-parliament-622.jpg ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်နေ့ ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီက နှစ်ချုပ်အစီရင်ခံ စာတင်သွင်းစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုထားတဲ့ အဆိုတွေကို အစိုးရက အကောင်အထည်ဖော်မှု နှေးကွေးနေ ကြောင်း ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတစ်ရပ်က ဒီနေ့ အစီရင်ခံစာတင်သွင်းချိန်မှာ ထောက်ပြခဲ့ပါတယ်။

အစိုးရရဲ့ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီ အတွင်းရေးမှူး ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံက ဒီကနေ့ နှစ်ချုပ်အစီရင်ခံစာတင်သွင်းချိန်မှာ ထောက်ပြခဲ့တာဖြစ်ပါတယ်။

"တွေ့ရှိချက် (က) လွှတ်တော် အစည်းအဝေးခန်းမများတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ မေးမြန်းသည့် မေးခွန်းများအပေါ် ဋ္ဌာနဆိုင်ရာဝန်ကြီးများ၏ ဖြေကြားမှုနှင့် ပတ်သက်၍ အချို့သောအချက်များသည်၊ တိကျရေရာမှု မရှိဘဲ ကတိကဝတ်မြောက်သည်၊ မမြောက်သည်ကို ခွဲခြားရခက်သည့် အဖြေများ တွေ့ရှိရပါသည်။ အဆိုများနှင့်ပတ်သက်၍ ကတိကဝတ်မြောက်သော တနည်းအားဖြင့် အဆိုအောင်သော အဆိုများအပေါ် သက်ဆိုင်ရာဋ္ဌာနတို့မှ အကောင်အထည်ဆောင်ရွက်မှု နှေးကွေးပြီး လွှတ်တော်အပေါ် အလေးထားမှု အားနည်းကြောင်းတွေ့ရှိရပါသည်"

ဋ္ဌာနဆိုင်ရာဝန်ထမ်းတချို့ရဲ့တာဝန်ကို အာဏာသဖွယ် အသုံးချဆောင်ရွက်မှုကြောင့် ဥပဒေနဲ့ သွေဖယ်တဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိရကြောင်း၊ ရုံးဝန်ထမ်းအချို့ဟာ လွှတ်တော်ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို လက်မခံနိုင်တဲ့ အခြေအနေရှိနေကြောင်းလည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒါ့အပြင် တရားရုံးတွေဟာ ပြည်သူတွေရဲ့ အမှန်တရားကို ဖော်ထုတ်ဆောင်ရွက်ပေးရမယ့်အစား ငွေမျက်နှာ တစ်ခုတည်းကိုသာလိုက်ပြီး ဥပဒေကို လိုသလို ဆောင်ရွက်နေတဲ့ ဝန်ထမ်းတချို့ကြောင့် အမှန်တရား ဆိတ်သုဉ်းတဲ့ ဋ္ဌာနသဖွယ်ဖြစ်နေလို့ တရားရုံးတွေကို အယုံအကြည်မဲ့လာကြောင်း ထောက်ပြထားပါတယ်။

နယ်စပ်ရေးရာနဲ့ပတ်သက်ပြီး တရုတ်ငှက်ပျောစိုက်ပျိုးသူ တရုတ်လူမျိုးတွေဟာ မြန်မာနိုင်ငံအတွင်း မတရား ဝင်ရောက်နေတာ၊ ငှက်ပျောသီးသယ်တဲ့ တရုတ်ကားကြီးတွေ ပိုင်စိုးပိုင်နင်းဝင် ရောက်လာနေတာတွေကို အခါအားလျော်စွာ တွေ့ရှိနေရတယ်လို့ ထည့်သွင်းတင်ပြထားပါတယ်။

အစိုးရအဖွဲ့အနေနဲ့ အောက်ခြေအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုတွေကို သေချာလေ့လာ ဆန်းစစ်ဖို့ လိုအပ်ကြောင်းလည်း အကြံပြုထားပါတယ်။

ကော်မတီရဲ့ တစ်နှစ်တာ သက်တမ်းကာလအတွင်း အနှစ်ချုပ် အစီရင်ခံစာ တင်သွင်းချိန်အထိ လွှတ်တော် ကိုယ်စားလှယ်တွေက အဆို ၄၉ ခု နဲ့ မေးခွန်း စုစုပါင်း ၄၃၆ ခု တင်သွင်းမေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။ ကော်မတီထံ တိုင်ကြားစာ ၁၆ ခု နဲ့ မိတ္တူ ၂ ခုလက်ခံရရှိပြီး၊ ကွင်းဆင်းဆောင်ရွက်မှု ၄ ကြိမ် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။