ဗန်းမော်ဆိပ်ကမ်း ကာကွယ် ဖို့ ပြည်နယ်လွှတ်တော် အတည်ပြု
2016.07.26

ကချင်ပြည်နယ် ဗန်းမော်ဆိပ်ကမ်းကို ဧရာဝတီမြစ်ရေတိုက်စားမှုဒါဏ်ကာကွယ်ရေးနဲ့ မြို့သာယာလှပရေး အတွက် ကျောက်စီမြေထိန်း နံရံတည်ဆောက်ပေး ဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာ အချက်အချာကျတဲ့ ဗန်းမော်ဆိပ်ကမ်းကို မြစ်ရေတိုက်စားမှုကနေ ကာကွယ်ပေးဖို့ ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်းက ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။
"ဧရာဝတီမြစ်ရေဟာ တစ်ကယ်တိုက်စားလာပြီဆိုရင် ရှောင်လွှဲဖို့မရပါဘူး၊ ဗန်းမော်ဆိပ်ကမ်း တည်မြဲအောင်သာ ကျနော်တို့ခိုင်မာတဲ့ ကျောက်စီမြေထိန်းနံရံများနဲ့ ပြုလုပ်မှာသာ ဗန်းမော်ရဲ့ မြို့အနေအထားကလည်း သာယာလှပလာမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျောက်စီမြေထိန်းနံရံပြု လုပ်ပေးရန် ဥက္ကဌကြီးမှတဆင့် ပြည်နယ်အစိုးရကို တိုက်တွန်းပါတယ်"
ဗန်းမော်မြို့ဟာ အရင်က သင်္ဘောဆိပ်ကမ်းမြို့ဟောင်းတစ်ခုဖြစ်ခဲ့ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးနဲ့ ချိတ်ဆက်ပြီး မန္တလေးကနေတဆင့် မြန်မာနိုင်ငံအောက်ပိုင်းကို ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ကူးသန်းသွားလာရေးအတွက် အဓိက အားထားခဲ့တာဖြစ်ပါတယ်။
အလားတူ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း တင်သွင်းတဲ့ ဟိုပင်မြို့က သရက်ချောင်းကူး ရထားနဲ့ ကားလမ်း တံတား ရေတိုက်စားမှုဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက် ကျောက်စီမြေထိန်း နံရံတွေတည်ဆောက်ဖို့ တိုက်တွန်းကြောင်းအဆိုကိုလည်း ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီနေ့ အတည်ပြု ခဲ့ပါတယ်။
ဒါ့အပြင် ဖားကန့် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေက လမ်းတွေပြန်လည်ပြုပြင်ဖောက်လုပ်ပေးဖို့ နဲ့ ကချင်ပြည်နယ် အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ ကို အမြန်ဆုံးပပျောက်အောင် ဆောင်ရွက်ပေးဖို့ ရှိ မရှိ မေးခွန်းတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ကြပါတယ်။
လွှတ်တော်က အတည်ပြုလိုက်တဲ့ ရေတိုက်စားမှုဒါဏ်ကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးဖို့ တိုက်တွန်းကြောင်း အဆိုနှစ်ရပ်ကို မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။