ကချင်မှာ ထိုးစစ်မဆင်ရေး အဆို ပြည်နယ်လွှတ်တော် မှတ်တမ်းတင်


2016.09.29
kachin-parliament-620.jpg ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေတိုက်ပွဲတွေ ဖြစ်ပွားရာမှာ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ခြုံခိုတိုက်ခိုက်တာ၊ လက်နက်ကြီးအသုံးပြုတာနဲ့ မြေမြုှပ်မိုင်း ထောင်တာတွေကို မလုပ်ဆောင်ဖို့ တောင်းဆိုကြောင်း အရေးကြီးအဆိုကို မနေ့ကကျင်းပခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ မှတ်တမ်းတင်လိုက်ပါတယ်။

အဲဒီအရေးကြီးအဆိုကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက တင်သွင်းခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်ကလည်း အဆို ကို ထောက်ခံဆွေးနွေးသွားတယ်လို့ ဦးနော်လီက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီး ကချင်ပြည်နယ်အတွင်းက ဝိုင်းမော်၊ မန်စီနဲ့ တနိုင်းမြို့နယ်တွေမှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေချိန် အခုလဆန်းပိုင်းမှာ တိုက်ပွဲတွေ ရပ်နားထားခဲ့ပေမယ့် ညီလာခံပြီးနောက်ပိုင်း အခုလ ၁၆ ရက်နေ့ကစတင်ပြီး တိုက်ပွဲဆက်ဖြစ်နေတာကြောင့် မြစ်ကြီးနား-ဖားကန့်- တနိုင်း လမ်းတလျှောက်ကျေး ရွာတွေက ဒေသခံ ၂ဝဝဝ ကျော်လောက်ဟာ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား စတဲ့မြို့တွေပေါ်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ထိုးစစ်တိုက်ခိုက်တာနဲ့ ချုံခိုတိုက်ခိုက်တာတွေများတဲ့အတွက် အခုလိုအဆိုတင်သွင်းရတာဖြစ်ပြီး လွှတ်တော်ရဲ့အတည်ပြုချက်ကို နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေဘက် ကလည်း လေးစားလိုက်နာမှုရှိမယ်လို့ထင်ကြောင်း ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။