ငြိမ်းချမ်းရေးအတွက် ကချင်ဒုက္ခသည်တွေ ဆုတောင်း
2013.06.09
ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့ ကချင်စစ်ပွဲ ၂ နှစ်မြောက်တဲ့ ဒီကနေ့မှာ ငြိမ်းချမ်းရေးအတွက် တရုတ် မြန်မာနယ်စပ်စခန်းတွေက ဒုက္ခသည်တွေ ဆုတောင်းကြတယ်လို့ သိရပါတယ်။
ကချင်ဒုက္ခသည်ကူညီရေးကော်မတီ ဥက္ကဌ ဦးဒွဲပီစက ဒီကနေ့ ဆုတောင်းတာတွေနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။
“ဘာသာရေးနဲ့ ၂နှစ်ပြည့် အမှတ်တရ ဆုတောင်းပေါ့၊ ကိုယ့်နေရာနဲ့ကိုယ် ကိုယ့်သဘောအရ လူထုဆန္ဒနဲ့အတူ ဆုတောင်းတာတော့ရှိပါတယ်၊ အားလုံးစခန်းမှာပါပဲ၊ တနင်္ဂနွေနေ့နဲ့တွဲသွားတယ်၊ တခြားထူးထူးခြားခြားအစီအစဉ် ဘာမှမလုပ်ပါဘူး၊ ဒါဘာသာရေးဘက်ကနေ ၂ နှစ်ပြည့်ဆိုတော့ သူတို့က ကျေးဇူးချီးမွမ်းတာတို့ နောက်လာမည့်အခြေအနေအတွက် သူတို့ဆုတောင်းအစီအစဉ် သူတို့ပဲလုပ်ကြတာပဲ”
မေလနောက်ဆုံးပတ်က အစိုးရနဲ့ ကေအိုင်အိုအဖွဲ့ မြစ်ကြီးနားမြိုမှာ တွေ့ဆုံဆွေးနွေးတဲ့အထဲမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်လို့ ဆက်လက်ဆွေးနွေးဖို့ သဘောတူထားတာတွေရှိသလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့လဲ သဘောတူခဲ့တာတွေရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးတာတွေ ပြေလည်မှ ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေရှိမှ ပြန်နိုင်မယ့်အကြောင်း ဦးဒွဲပီစက ပြောပါတယ်။
ကေအိုင်အိုနဲ့ အစိုးရတပ်တွေ ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ တာပိန်ရေအားလျှပ်စစ်စီမံကိန်းအနီးမှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ်သိန်းဝန်းကျင်ဟာ စစ်ဘေးလွတ်ရာမှာ ရှောင်ရှားနေထိုင်ကြဆဲဖြစ်ပြီး အများစုကတော့ ကေအိုင်အို ထိန်းချုပ်ရာ တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရှိကြပါတယ်။