ချီဖွေမှာ မြေရှားသတ္ထု ပြန်တူးနေ

RFA Burmese
2023.11.09
ချီဖွေမှာ မြေရှားသတ္ထု ပြန်တူးနေ ကချင်ပြည်နယ်မှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုအား ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသမှာ မြေရှားသတ္ထု တူးဖော်တဲ့ လုပ်ငန်းတွေကို ရပ်နားထားရာကနေ အခု ပြန်လည်တူးဖော်နေကြတာ တွေ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပန်ဝါဒေသက မြေရှားသတ္တု လုပ်ကွက်တွေကို စစ်ကောင်စီက လာရောက် စစ်ဆေးမယ်ဆိုတာကြောင့် လုပ်ကွက် အတော်တော်များများကို ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ ရပ်နားထားခဲ့တာပါ။ အခုတော့ တူးဖော်ရေး လုပ်ငန်းတွေ အားလုံး ပြန်စနေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတ္တုအလုပ်သမားတစ်ဦးက RFA ကိုပြောပါတယ်။

”ကျွန်တော်တို့ လုပ်ကွက်ဆိုရင် စစ်ဆေးရေး ဝင်မယ်ဆိုပြီး သတင်းကြားလို့ နှစ်ပတ်လောက်ပဲ ပိတ်တယ်။ အခုက အကုန်လုံး ပြန်တူးနေကြပြီ။ ပန်ဝါမှာက တူးစရာ နေရာလည်း သိပ်မရှိတော့လို့ လုပ်ကွက် တော်တော်များများ ချီဖွေဘက်ကို ပြောင်းတူးနေကြတယ်”

ဒါ့အပြင် ပန်ဝါမြို့တစ်ဝိုက်မှာ သတ္တုတူးဖော်မယ့် မြေနေရာ သိပ်မကျန်တော့တာကြောင့် ချီဖွေမြို့နားအထိ တရုတ်ကုမ္ပဏီတွေက တူးဖော်မှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

မြေရှားသတ္တု ပြန်လည် တူးဖော်လာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကချင်အထူးဒေသ (၁) ပန်ဝါဒေသ တစ်ခုထဲမှာတင် မြေရှားသတ္တု တူးဖော်တဲ့ လုပ်ကွက်ပေါင်း သုံးရာလောက် ရှိနေပြီး အားပြင်းအက်စစ် သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိထားတယ်လို့ ကမ္ဘာ့ သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။