ဒုက္ခသည်တွေကို ကယ်ဆယ်ပေးရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က အကြောင်းမပြန်သေး


2018.04.16
kachin-refugees-622 တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်တွေ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ကို ရောက်ရှိလာစဉ်
Photo: salai

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်ထောင်လောက် ကို ကယ်ဆယ်ပေးဖို့ အစိုးရထံ စာနဲ့ပြတောင်းဆိုထားပေမယ့် ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက် ရေးကော်မတီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ကတည်းက ထွက်ပြေးနေကြရတာဖြစ်ပြီး ၅ ရက်လောက်ထိ ကြာနေပြီဖြစ်လို့ ကူညီပေး ကြဖို့ မေတ္တာရပ်ခံတယ်လို့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ရဲ့ ဒု-ဥက္ကဌ ဦးနော်တောင် က ပြောပါတယ်။

"လောလောဆယ်တော့ ဘာမှပြန်ပြီးတော့ ညွှန်ကြားတာတော့ မရှိသေးဘူးခင်ဗျ၊ ပိတ်မိနေတဲ့ ပြည်သူ လူထုတွေကို အစိုးရနဲ့ တပ်မတော်က တာဝန်ရှိသူပုဂ္ဂိုလ်အားလုံး သဘောထားကြီးကြီးနဲ့ တိုက်ပွဲထဲမှာ ပြည်သူလူထုတွေ ရောနှောပြီးမှ သူတို့တွေ အဲဒီလိုမျိုး မြင်တာမဟုတ်ဘဲနဲ့ လူထုကိုအမြန်ဆုံးကယ်နိုင်ဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ"

အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်ထဲက အောင်လောဒ်၊ ဆွတ်ရိန်ယန်နဲ့ ဆွတ်ရာဆိုတဲ့ကျေးရွာတွေက ဒေသခံ ၂ထောင်တို့ဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် သူတို့တွေကို ကယ်ဆယ်ပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က ပြည်ထောင်စုအစိုးရနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံလိပ်မူပြီး တင်ပြတောင်းဆိုခဲ့တာပါ။

ကချင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေထံ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

အစိုးရနဲ့ တပ်မတော်က တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် ပြန်လည်အကြောင်း မပြန်နိုင်သေး တာဖြစ်မယ်လို့ ယူဆကြောင်း ဦးနော်တောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာမှာ တပ်မတော်စစ်စခန်း တစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။