ပူတာအိုက စစ်ဘေးဒုက္ခသည်တွေဆီ သွားရောက်ကူညီဖို့ အခက်တွေ့
2015.07.18

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲကြောင့် ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခတွေကိုကူညီဖို့ လုံခြုံရေးအခက်အခဲဖြစ်နေကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို စားသောက်ရိက္ခာနဲ့ မိုးကာတွေ သွားရောက်ကူညီဖို့အတွက် ပြည်နယ်အစိုးရကို ဇူလိုင်လ ၁၄ ရက်နေ့က စာတင်ခဲ့ပေမယ့် လုံခြုံရေးမယူပေးနိုင်ဘူးဆိုပြီး အကြောင်းပြန်တဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ KBC အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးလမာရော်က ပြောပါတယ်။
"ရိက္ခာတွေ စက်လှေတစ်စီးစာ ဆန်၊ ဆီ၊ ဆား အဲ့ဒါအလုံးစုံပါပဲ၊ အရေးတကြီးလိုနေတာက မိုးကာမိုးဖို့ရန် အတွက် မိုးတွင်းက မိုးတအားသည်းတယ်၊ ဒီကချင်ပြည်နယ်က ဆွမ်ပရာဘွမ်ဘက်ဆို ပိုဆိုးပြီ၊ အဲ့ဒါကြောင့် အကုန်လုံးအဆင့်သင့်ပြင်ပြီးမှ အဲ့ဒီခွင့်ပြုစာကိုစောင့်နေတာ၊ အဲ့ဒါ ၁၄ ရက်နေ့က သွားပြီးမှဆွေးနွေးတဲ့ အခါကျတော့ ဘယ်လိုမှလုံခြုံရေး တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်တယ်၊ အဲ့ဒါကြောင့်မို့အခု ကျနော်တို့ ရဲ့ခရီးစဉ်က ခဏဆိုင်းငံ့ထားရခြင်းဖြစ်တယ်"
အစိုးရတပ်မတော် ခလရ ၂၉၊ ခလရ ၁၃၇၊ ခလရ ၁၃၈ စတဲ့တပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၇ တို့ဟာ ပူတာအိုခရိုင် ဆွမ်ပဘွမ်မြို့ရဲ့ မလိခမြစ် အနောက်ဘက်ကမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ တစ်လနီးပါးလောက်ရှိနေပြီဖြစ်ပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ်မြို့နယ် ဂျာရာယန်၊ မလိယန်၊ ဆွပ်မိုင်ယန်၊ အင်ထန်ဇွပ် ကျေးရွာတွေ က ဒေသခံတစ်ထောင်ကျော်လောက်ဟာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့က သတင်းနဲ့ပြန်ကြားရေးမှူး ဦးလမာရော်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။