စားနပ်ရိက္ခာပို့နိုင်ရေး နယ်စပ်တာဝန်ရှိသူတွေနဲ့ KBC ဆွေးနွေးမည်


2018.12.09
kachin-refugees-camp-622.jpg ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Ye Htet/ RFA

တရုတ်-မြန်မာနယ်စပ် ကေအိုင်အေ ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပို့ဆောင်နိုင်ဖို့ တရုတ်ဘက်က နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

နယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ ရှိနေပြီး နယ်စပ်ဖြတ်ကျော်တာတွေကို ပိတ်ပင်ထားတာ ၁၀ ရက်ခန့် ရှိပြီဖြစ်ကြောင်း ဒါကြောင့် စားနပ်ရိက္ခာအကူအညီ ပို့ဆောင်နိုင်ခြင်း မရှိကြောင်းလည်း KBC က ပြောပါတယ်။

လတ်တလောမှာ ဒုက္ခသည်စခန်းတွေက လက်ကျန်စားနပ်ရိက္ခာတွေကို ဝေငှစားသောက်နေရပြီး မကြာခင် ရိက္ခာပြတ်လပ်နိုင်ခြေရှိတဲ့အတွက် နယ်စပ်မှာ အမြန်ဆုံးဖြတ်သန်းခွင့်ရဖို့ ကြိုးစားနေတယ်လို့ ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည် ၈ သောင်းခန့် ရှိတယ်လို့ KBC ရဲ့ စာရင်းတွေအရ သိရပါတယ်။

စားဝတ်နေရေး အခက်အခဲကြုံတေ့ွနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကချင်အရပ်ဖက်အဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ JST နဲ့ ဆွေးနွေးဖို့ရှိကြောင်း အဲဒီနောက် ဒီလ အတွင်း အစိုးရက အထူးအဖွဲ့ စေလွှတ်ပြီး ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ဒီဇင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။