ကချင်စစ်ဘေးဒုက္ခသည်အရေး ထိထိရောက်ရောက်ကူညီနိုင်ဖို့ နီပွန်ဖောင်ဒေးရှင်း ပြော
2018.12.12

ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီကို ရယူလိုရင် KIA အဖွဲ့ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးရေးအတွက် တိုက်တွန်းတောင်းဆိုပေးဖို့ ပြောခဲ့တာတွေရှိတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) သိက္ခာတော်ရဆရာ ခလမ်ဆမ်ဆွန်က RFA ကိုပြောပါတယ်။
နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါ ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ကချင်အတိုင်ပင်ခံအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တက္ကသိုလ်များ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေနဲ့ ပထမအကြိမ် လာရောက်တွေ့ဆုံခဲ့ပြီး အဲဒီလို ပြောခဲ့တာလို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ IDP စခန်းတွေဟာ အစိုးရထိန်းချုပ်နယ်မြေ မဟုတ်တဲ့နေရာမှာ လူဦးရေ ၈ သောင်းခန့်ရှိပြီး အစိုးရထိန်းချုပ်နယ်မြေမှာ ၄ သောင်းကျော်သာရှိနေတာဖြစ်တဲ့တွက် အစိုးရထိန်းချုပ်နယ်မြေတွေမှာပဲ ကူညီထောက်ပံ့ဖို့ မူဝါဒရှိတဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီကို မမျှော်လင့်ဘူးလို့လည်း သိက္ခာတော်ရဆရာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။
ဂျပန် နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဟာ ၁၉၇၀ ပြည့်နှစ် ကတည်းကစတင်ပြီး မြန်မာနိုင်ငံက အနာကြီးရောဂါဝေဒနာ ကူးစက်ခံထားနေသူတွေကို ကူညီပံ့ပိုးနေတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကူညီ ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ ။