ဒုက္ခသည်ကူညီမှု ကျပ်သန်းပေါင်း ကုဋေ ၁၇ဝဝ ရှိကြောင်း ကချင်ပြည်နယ် အစိုးရပြောကြား
2015.12.16

ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစိုးရ နဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေက ဒီကနေ့အထိ ငွေကျပ်သိန်းပေါင်း တစ်သိန်း ခုနှစ်သောင်း (ကျပ်သန်းပေါင်း ကုဋေ ၁၇ဝဝ) ကျော်ဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။
အဲဒီလှူဒါန်းမှုမှာ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဋ္ဌာနတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေ အားလုံးရဲ့ ထောက်ပံ့မှုဖြစ်တယ်လို့ ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။
"၂ဝ၁၁ စဖြစ်ကတည်းက အခု ၂ဝ၁၅ နိုဝင်ဘာအထိ အဖွဲ့အသီးသီးကနေပြီးမှ ထောက်ပံ့တဲ့ပစ္စည်း နဲ့ ငွေသားတန်ဖိုးဟာ ၁၇, ၃၅၈,၂၇၃, ၂၄၂ ဖြစ်တယ်၊ ကိုယ့်နေရာကိုပဲ ပြန်သွားချင်တာ အများစုဖြစ်ပါတယ်၊ လူဆိုတာက ကိုယ့်နေရာကို သံယောဇဉ်ရှိတာပေါ့နော်"
ဒုက္ခသည်စခန်းတွေမှာ လေးနှစ်ကျော်ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်းစုံရဲ့ ငွေကြေး၊ ဆေးဝါး၊ အစားအသောက်နဲ့ အခြေခံလူသုံးကုန်ပစ္စည်း စတာတွေအားလုံးကို ထည့်သွင်းတွက်ချက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဟာ စစ်ဘေးဒုက္ခသည်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အဓိကထား ဆောင်ရွက်ခဲ့ သလို စားဝတ်နေရေးနဲ့ တခြားလိုအပ်ချက်တွေကိုလည်း ကူညီခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံ စားသောက် ကုန်တွေကို အဓိက အကူအညီပေးခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပြန်လည် ထူထောင်ရေး နဲ့ အခြားအခြေခံလိုအပ်ချက်တွေကို ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။
အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်း ကယ်ဆယ်ရေးစခန်းတစ်ရာနီးပါးမှာ လာရောက်ခိုလှုံနေသူ လေးသောင်းကျော် ရှိပြီး တစ်ပြည်နယ်လုံးမှာဆို တစ်သိန်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။