တန်ဖိုးနည်းအိမ်ယာမှာ စစ်ဘေးဒုက္ခသည် ၈၄ ဦးကို နေရာချပေး
2017.11.20

ကချင်ပြည်နယ် ဗန်းမော်ခရိုင်က စစ်ဘေးဒုက္ခသည် ၈၄ ယောက်ကို မန်စီမြို့နယ် မံခန်ရေခူး ရွာအနီးက တန်ဖိုးနည်းအိမ်ယာမှာ မိသားစုတွေအလိုက် နေရာချထားပေးပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က မနေ့က ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည် မိသားစု ၁၇ ခုက သူတို့ရဲ့ဆန္ဒအလျောက် အဲဒီတန်ဖိုးနည်းအိမ်ယာမှာ နေထိုင်လိုတဲ့အတွက် အစိုးရက ရွှေ့ပြောင်းနေရာချပေးတာဖြစ်တယ်လို့ ဗန်မော်ခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနမှူး ဦးမြင့်ဋ္ဌေးက ပြောပါတယ်။
"မိမိနေရပ်ကိုလည်း မပြန်တော့ဘူး။ တန်ဖိုးနည်းအိမ်ယာမှာ သူတို့ဆန္ဒအလျောက် လျှောက်လွှာတင်ပြီး စိစစ်ပြီးတော့မှ တကယ်ပြောင်းမယ်ဆိုတဲ့ လူတွေကိုပဲ ကျနော်တို့က ၁၇ အိမ်ထောင်စပြီးတော့မှ ပြောင်းရွှေ့ထားပေးတာ။ လူဦးရေ ၈၄ ဦး၊ ရွှေ့ပြောင်းအိမ်ထောင်စု ၁၇ စုအတွက်ကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆန်အိတ် ၂၀၊ အနွေးထည်လည်း ပါသေးတယ်။ နောက် ကျနော်တို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး၊ ဆန်ဖိုးငွေ ၇ ရက်စာ လူဦးရေ ၈၄ ဦးအတွက် ၁၇၆၄၀၀၊ ကြက်ခြေနီကလည်း သူတို့ ပစ္စည်းတွေလှူတယ်။ ပညာရေးကျတော့ သူတို့ ကျောပိုးအိတ်နဲ့ စာအုပ်တွေလှူတယ်"
အခုရွှေ့ပြောင်းကြတဲ့ ဒုက္ခသည်တွေဟာ မံစီမြို့နယ် နန့်လင်းပါ၊ မုန်းတိမ်ပါ၊ မံဂေါ် စတဲ့ ရွာတွေဘက်ကနေ ဗန်းမော်မြို့ ဖန်းခါးကုန်း ကယ်ဆယ်ရေးစခန်း၊ ဗန်းမော်မြို့နဲ့ ရေခူးမံခန်ရွာတွေက ဆွေမျိုးသားချင်းတွေရဲ့အိမ်မှာ ခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသားတွေ အများစုဖြစ်ပါတယ်။
မံခန်ရေခူး ရွာအနီးက တန်ဖိုးနည်းအိမ်ယာ ၈၇ လုံးကို ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်ထားတာဖြစ်ပါတယ်။
မနေ့က စတင်ပြောင်းရွှေ့လာကြတဲ့ မိသားစုတွေကို ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကြက်ခြေနီ၊ ပညာရေး စတဲ့ဌာနဆိုင်ရာတွေက ဆန်၊ မိသားစုအသုံးအဆာင်၊ ကျောင်းသုံးစာအုပ်၊ အနွေးထည်တွေ ထောက်ပံ့ခဲ့ကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း အားလုံးပေါင်း ၉၀ ကျော်ရှိပြီး အဲဒီစခန်းတွေမှာ စစ်ဘေးဒုက္ခသည် ၄ သောင်းဝန်းကျင် ခိုလှုံနေကြတာဖြစ်ပါတယ်။