ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခက်အခဲတွေရှိနေ
2017.11.13

ကေအိုင်အေနဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရှမ်းနဲ့ ကချင်ပြည်နယ် အတွင်းက နေရပ်စွန့်ခွာကြသူတွေ တရားဝင်နေရပ် ပြန်နိုင်ရေးဆောင်ရွက်ရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ပါဝင်ဆောင်ရွက်မှု အားနည်းနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်နေသူတွေက ဒီနေ့ ပြောပါတယ်။
အသင်းတော်တွေဘက်က ဒေသခံတွေနေရပ်ပြန်နိုင်ရေးအတွက် ပြန်ဖို့အဆင်ပြေတဲ့ ကျေးရွာတွေ စာရင်းကို လိုက်လံကောက်ယူတာတွေရှိနေပေမယ့် အခက်အခဲတွေရှိနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။
"ကေအိုင်အိုရယ်၊ အစိုးရရယ် ပါဝင်ဖို့လိုတယ်။ သူတို့မပါဝင်ဘဲနဲ့တော့ နေရပ်ပြန်နိုင်ရေးက တော်တော် အဆင်မပြေဘူးဖြစ်နေတယ်။ ကိုယ့်သဘောနဲ့ကိုယ် ပြန်နေတဲ့သူတွေအတွက်တော့ ကျနော်တို့ဘာမှ ပြောစရာမရှိဘူးပေါ့။ တရားဝင်ပြန်နိုင်ဖို့ စီစဉ်တဲ့ နေရာမှာတော့ လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ သဘော တူညီချက်နဲ့ စိတ်ရှည်သည်းခံမှုတော့ လိုတာပေါ့နော်။ အဲ့ဒါကို ခုကျနော်တို့ ကော်မတီဖွဲ့ပြီး ကြိုးစားနေ ပါတယ်ဆိုတာ ပြောချင်ပါတယ်"
ကေအိုင်အေ ထိန်းချုပ်နယ်မြေနဲ့ အစိုးရထိန်းချုပ်နယ်မြေ နှစ်ခုလုံးက ဒေသခံတွေ နေရပ်ပြန်နိုင်ရေးအတွက် KBC နဲ့ RC အသင်းတော်က တာဝန်ရှိသူတွေအပြင် ဒုက္ခသည်စခန်းတွေက တာဝန်ရှိသူတွေပါ ထည့်သွင်းပြီး စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကော်မတီ တစ်ရပ်ဖွဲ့စည်းထားကြောင်းနဲ့ လာမယ့် ဒီဇင်ဘာလမှာ အဲဒီကော်မတီက လုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
လက်ရှိအကြမ်းဖျဉ်းကောက်ယူထားတဲ့ စာရင်းတွေအရ ဗန်းမော်ခရိုင်နဲ့ မြစ်ကြီးနားမြို့နယ် အတွင်းက ကျေးရွာတွေမှာ နယ်မြေအေးချမ်းတဲ့ အနေအထားရှိတာကြောင့် နေရပ်ပြန်ဖို့ အဆင်ပြေနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန် ကပြောပါတယ်။
ဒေသခံတွေနယ်မြေစွန့်ခွာမှု ကြာမြင့်လာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ လယ်မြေနဲ့ ခြံမြေပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် တိုက်ပွဲအေးချမ်းတဲ့နေရာတွေက ဒေသခံတွေ တရားဝင် နေရပ်ပြန်နိုင်ရေးအတွက် စတင် ဆောင်ရွက်လာတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ကေအိုင်အေနဲ့ အစိုးရတပ်မတော်ကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အတွင်းမှာ ဒေသခံ တစ်သိန်းကျော် နေရပ်စွန့်ခွာနေရတာ ဖြစ်ပါတယ်။