နေရပ်ပြန် ကချင်စစ်ဘေးဒုက္ခသည်တွေ ကိုယ်ထူကိုယ်ထ မိုင်းရှင်းနေရ
2023.06.21

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်စစ်ဘေးဒုက္ခသည်စခန်းကနေ ဇွပ်ဂျာရွာကို နေရပ်ပြန်လာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မပေါက်ကွဲသေးတဲ့ မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကို ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့ နေရပ်ပြန်လာချိန်ကနေ ဇွန်လ ၂၁ ရက် ဒီနေ့ထိ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ငါးလုံး၊ လက်နက်ငယ် ခုနှစ်လုံး အပါအဝင် တခြား စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကို ရှင်းလင်းခဲ့ပြီးပြီလို့ ဒေသခံအမျိုးသားတစ်ဦးက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့လည်း ကြောက်တယ်လေ၊ မိုင်းတစ်လုံးတွေ့တာနဲ့ ကိုယ့်ဟာကိုယ် ရှင်းလိုက်တဲ့ ပုံစံတော့ မဟုတ်ပါဘူး။ အကုန်လုံးကိုခေါ်ပြီး စုဖွဲ့ပြီး ရှင်းကြတာ။ ပြီးတော့ ဘယ်လို အမျိုးအစား ဘယ်လိုပုံစံဆိုတာမျိုးကို မိုင်းနဲ့ပတ်သက်ပြီး နားလည် တတ်ကျွမ်းသူတွေကို မေးမြန်းတယ်။ ပြီးရင် သူတို့ညွှန်ကြားချက်အတိုင်း လုပ်တယ်”
ရှင်းလင်းထားတဲ့ မိုင်းတွေကိုတော့ ရွာရဲ့ တစ်နေရာမှာ တစ်စုတစ်စည်းထဲ မြေမြှုပ်ထားပြီး အဲဒီနေရာကို မသွားရ မလာရနေရာအဖြစ် သတ်မှတ်ထားတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ နေရပ်ပြန်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေ ကူညီပေးသလို မိုင်းရှင်းလင်းရေးတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ RFA ကိုဖြေဆိုထားပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် စက်တင်ဘာလကတည်းက ဇွပ်ဂျာရွာက ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။ လက်ရှိမှာတော့ အိမ်ထောင်စု ၇၀ ရှိတဲ့ ဒုက္ခသည် ၃၀၀ ကျော်ဟာ ဇွပ်ဂျာရွာမှာ ပြန်လည်နေထိုင်နေ ကြပါတယ်။
၁၀ နှစ်ကျော် ပစ်ထားခဲ့ရတဲ့ အဲဒီရွာမှာ ပညာရေး၊ ကျန်းမာရေးအတွက် စာသင်ကျောင်းနဲ့ ကျေးလက် ဆေးပေးခန်းတွေ လိုအပ်နေသလို သောက်သုံးရေ လိုအပ်ချက်လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။