မန်စီဒေသ တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထောင်ချီ ထွက်ပြေး


2014.04.11
kachin-refugees-305.jpg အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေကြောင့် တရုတ် နယ်စပ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေ သည့် ဒေသခံများကို တွေ့ရစဉ်
photo: Jade Land Facebook

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်လျှက်ရှိရာမှာ  ရွာတွေကို စွန့်ခွာထွက်ပြေးသူ ၂၄ ရွာရှိပြီး ထွက်ပြေးသူ လူဦးရေ ထောင်ဂဏန်းရှိနေပြီလို့ သိရပါတယ်။

ထွက်ပြေးသူ လူဦးရေစာရင်းကို အတိအကျမသိ ရသေးပေမဲ့ ထောင်နဲ့ချီတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ နောင်ခမ်းဆိုတဲ့ ရှမ်းရွာတစ်ရွာထဲကတင် တရုတ်ပြည်ဘက်ကို ထွက်ပြေးသူ ဒုက္ခသည် ၂၀၀ ကျော်တယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"၁၂ နာရီခွဲလောက်ကနေ စဖြစ်ပြီးတော့လေ ရွာထဲနဲ့ ရွာအစပ်နားမှာ ကျည်ဆံတို့ ဗုံးတို့လိုဟာမျိုးကျတယ်၊ သေနတ်သံတွေ ဗုံးတွေကြားရတာ ရွာနဲ့တဖြည်းဖြည်း နီးလာသလိုကြားရတော့ ပြေးလာတာပေါ့၊ ပြေးလာတော့ ဘာယူနိင်မှာလဲ၊ ခါးဝတ်ခါးစားနဲ့ပေါ့၊ ပိုက်ဆံရှိတဲ့လူက သွားဝယ်စားကြတယ်၊ မရှိတဲ့လူတွေကတော့ မစားရဘူးပေါ့"

လတ်တလောအနေနဲ့ နယ်စပ်တလျှောက်မှာ တရုတ်စစ်တပ်တွေ တိုးချထားပြီး နောင်ခမ်းနယ်စပ်ဂိတ်ကနေ ဝင်ခွင့်လက်မှတ်ရှိသူကို ဖြတ်သန်းခွင့်ပေးနေတယ်လို့ ဆိုပါတယ်။ ဖြတ်သန်းခွင့်လက်မှတ် မရှိသူတွေကတော့ စစ်တပ်အစောင့်မရှိတဲ့ နေရာတွေက ဝင်ရောက်လာကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်စစ်တပ်အနေနဲ့  ဒုက္ခသည်တွေကို နှင်ထုတ်ခြင်းမပြုဘူးလို့ ဒုက္ခသည်တွေကို ကူညီဖို့ရောက်ရှိလာတဲ့ WNP အဖွဲ့က ဒေါ်မေရီတွမ်က ပြောပါတယ်။

"မနောကွင်းနားမှာ ဇရပ်ရှိတယ်ပေါ့၊ သူတို့က ဇရပ်မှာနားကြပါလို့ ပြောတယ်ပေါ့၊ ဒါကြောင့် လောလော ဆယ် အဲဒီမှာနားနေကြပါတယ်၊ စောင့်ကြည့်လေ့လာဆဲဆိုတဲ့ အခြေအနေရှိတယ်၊ ဒီဖက်ခြမ်းကတရုတ် ဟိုဘက်ခြမ်းမှာ တိုက်ပွဲဖြစ်နေတာ၊ အသံကိုကြားနေရတယ်၊ မီးခိုတလူလူတွေ့နေရတယ်ပေါ့၊ ဒီလိုအခြေအနေမှာ သူတို့မောင်းထုတ်မယ်ဆိုရင် လုံးဝကို လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူသားခြင်း စာနာမှုမရှိဘူးလို့ ပြောလို့ရတယ်"

လက်ရှိအနေနဲ့ တရုတ်ပြည်ဘက်ခြမ်း ကချင်ရွာအနီး ဇရပ်တစ်ခုမှာ ဒုက္ခသည် ၂၀၀ ခန့်ရှိပြီး ဒုက္ခသည်တွေ စားသောက်နေထိုင်ရေးကိစ္စတွေကို WNP အဖွဲ့ဝင် ၄ ဦးက စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နောက်ဆုံး အခြေအနေအကြောင်း RFA သတင်းထောက် ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။