အကြမ်းဖက်သမားတွေ ဝင်ရောက်မယ့်သတင်းကြောင့် ကချင်မှာ သတိပေးချက်ထုတ်
2015.12.07

တရုတ်-မြန်မာနယ်စပ် လမ်းကြောင်းတွေကနေ မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက်သမားတွေ ဝင်ရောက်လာနိုင် တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကချင်ပြည်နယ်မှာ လုံခြုံရေးသတိရှိကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ပြည်နယ်ရဲတပ်ဖွဲ့ရုံးထံ ညွှန်ကြားစာ ပေးပို့ထားပါတယ်။
အကြမ်းဖက်သမားတွေဟာ ပန်ဝါနဲ့ ကန်ပိုက်တီကြား၊ ကန်ပိုက်တီနဲ့ လွယ်ဂျယ်ကြားကနေ ဝင်ရောက်လာနိုင်တဲ့ အနေအထားရှိတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦးက ပြောပါတယ်။
"IS အဖွဲ့တွေက အနောက်နိုင်ငံဘက်တွေမှာ ဖောက်ခွဲတာတွေ စိတ်လာတော့ မြန်မာနိုင်ငံကိုလည်း ဝင်ရောက်နိုင်တယ်ဆိုပြီး သုံးသပ်ပြီးတော့မှ ဘင်္ဂလားဒေ့ရှ်ဘက်ကပဲ ရခိုင်ပြည်ဘက်ကဝင်မယ်ဆိုပြီး သုံးသပ် ထားသလိုပဲ မမျှော်လင့်တဲ့ ဒီဘက်တရုတ်ပြည်ဘက်မှာလည်း မွတ်စလင်နဲ့ ဆက်နွယ်နေတဲ့ ပြည်နယ်တွေ ရှိတဲ့အတွက်ကြောင့် IS တွေ ဝင်လာနိုင်တယ်လို့ အထူးသဖြင့်တော့ ပန်ဝါနဲ့ ကန်ပိုက်တီကြား၊ ကန်ပိုက်တီနဲ့ လွယ်ဂျယ်ကြားပေါ့ ဒီနေရာတွေမှာလည်း တပ်မတော်ကတော့ နယ်မြေစိုးမိုးမှုယူထားသော်လည်း တချို့နေ ရာတွေမှာ လွတ်နေတဲ့အတွက်ကြောင့် ဒီနေရာတွေကနေပြီးတော့ မမျှောင်မှန်းနိုင်ဘဲ ဝင်လာနိုင်တဲ့ အနေ အထားရှိပါတယ်"
တရုတ်-မြန်မာနယ်စပ်မှာ အကြမ်းဖက်မှုတွေရှိလာရင် နှိမ်နှင်းတားဆီးရေးစီမံချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကြားမှာ စီမံချက်တွေချမှတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နယ်စပ်နဲ့ ပြည်နယ်အတွင်း လုံခြုံရေးတွေအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ဟာ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတာဖြစ်ပါတယ်။