ကချင်ပြည်နယ်မှာ ၆နှစ်အတွင်း ပေါက်ကွဲမှုအကြိမ် ၈ဝဝ ကျော်အထိရှိ
2017.08.11
ကချင်ပြည်နယ် အတွင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၆ နှစ်ကျော်ကာလအတွင်း ပေါက်ကွဲမှု အကြိမ် ၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူကြီးက ပြောပါတယ်။
အဲဒီ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၄၀၀ ကျော်ရှိပြီး တံတားအစင်းပေါင်း ၈၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီး ထွန်းဦးက RFA ကို ဒီကနေ့ ပြောပြပါတယ်။
"ပေါက်ကွဲမှုပေါင်း ရှစ်ရာခြောက်ဆယ့်ကိုးကြိမ်၊ ထိခိုက်သေဆုံးမှုကတော့ သေဆုံးတဲ့သူပေါင်း ၁၁၆ ယောက်၊ ဒဏ်ရာရတဲ့သူပေါင်း ၃၅၈ ယောက်၊ စုစုပေါင်း ၄၇၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးတဲ့သူရော ဒဏ်ရာရတဲ့လူရော အရေအတွက်ဖြစ်ပါတယ်။ အရပ်သားအများစုပဲ ထိခိုက်ဒါဏ်ရာရရှိတာတွေ့ရှိရပါတယ်။ ပျက်စီးဆုံးရှုံးတာတော့ တံတားတွေကိုပဲ ကျနော်တို့ မှတ်တမ်းထားရှိပါတယ်။ တံတားစုစုပေါင်း အကြီးအသေး စုစုပေါင်း ၈၄ စင်း ပျက်စီးခဲ့ပါတယ်။"
ပုံစံအမျိုးမျိုးနဲ့ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးရသူအများစုဟာ တောင်သူ၊ အလုပ်သမား၊ ခရီးသွားစတဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
RFA က သိရှိရတဲ့သတင်းတွေအရ တောတောတွေထဲ သစ်၊ ဝါး ခုတ် ဟင်းရှာသွားချိန်၊ လယ်ယာမြေတွေအနီးနဲ့ ခရီးလမ်းသွားလမ်းရင်း မိုင်းထိပေါက်ကွဲလို့ ထိခိုက်သေဆုံးရသူတွေဟာ အရပ်သားပြည်သူတွေ အများဆုံးဖြစ်ပါတယ်။
ပေါက်ကွဲမှုတွေမှာ အသုံးပြုတဲ့မိုင်းတွေဟာ ဒေသန္တရလက်လုပ်မိုင်းတွေအများစုဖြစ်ပြီး လမ်းတံတားနဲ့ မြို့ရွာ လယ်မြေတွေအနီး မိုင်းထောင်ဖို့ ကြိုးစားချိန်မှာ ကိုယ့်မိုင်းနဲ့ ကိုယ်ပေါက်ကွဲလို့ ထိခိုက် သေဆုံးသူတချို့ရှိလည်း ရှိကြောင်း ရဲမှူးကြီးက ရှင်းပြပါတယ်။
တောင်သူတွေလုပ်ကိုင်စားသောက်တဲ့ စိုက်ခင်းနဲ့ အင်း၊ အိုင်တွေအနီး မြေမြှုပ်မိုင်းတွေမထောင်ဖို့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် သြဂုတ်လအတွင်းက မိုးကောင်းမြို့နယ် ဆားမှော်ရွာမှာ ဒေသခံတောင်သူနဲ့ ပြည်သူတွေစုပေါင်းပြီး ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ဘူးပါတယ်။