ဆိုင်ကယ်စီးသူတွေ မျက်နှာဖုံံးမဝတ်ဖို့ ကချင်ပြည်နယ်မြို့တချို့မှာ ပိတ်ပင်
2015.05.08

ကချင်ပြည်နယ်က မြို့လေးမြို့မှာ မော်တော်ဆိုင်ကယ် စီးသူတွေအနေနဲ့ မျက်နှာကို ဖုံးထားသလိုဖြစ်တဲ့ နှာခေါင်း စီးတွေ ဖုန်ကာမျက်နှာဖုံးတွေ ဝတ်ဆင်ပြီးမစီးကြဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က တားမြစ်လိုက်ပါတယ်။
ဆိုင်ကယ် မျက်နှာဖုံစွပ်ပြီး လုယက်အကြမ်းဖက်မှုတွေ ကျူးလွန်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်လိုက် တာဖြစ်ကြောင်း ဗန်မော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က RFA ကို ပြောပါတယ်။
"ဒေသအမိန့်ဆိုတော့ မျက်နှာမှာနှာခေါင်းစီးတွေ ဘာတွေ မတပ်ဖို့ထုတ်တာပါ၊ ဆိုင်ကယ်စီးတဲ့အခါမှာ မျက်နှာဖုံး စွပ်တွေ ဘာတွေနဲ့မစီးဖို့ပါပဲ၊ ဖမ်းဆီးရင် ပုဒ်မ ၁၈၈ အရ အရေးယူမယ်၊ မျက်နှာဖုံးတွေဘာတွေတပ်ပြီးတော့မှ အကြမ်းဖက်မှုတွေလုပ်လာမှာစိုးလို့ ကြိုတင်ကာကွယ် တာပေါ့၊ ၇ လပိုင်းအထိပဲ ၃ လ သတ်မှတ်ပါတယ်၊ ကျနော်တို့လိုအပ်ရင်တော့ သက်တမ်းတိုးမှာပေါ့၊ မလိုအပ်ရင်တော့ မတိုးတော့ဘူး"
အဲဒီအမိန့်ညွှန်ကြားချက်ဟာ ဒီလ ၁၁ ရက်နေ့ကနေ လာမယ့် ဇူလိုင် ၁၁ ရက်နေ့အထိ သက်ရောက်မှုရှိမှာဖြစ်ပြီး လိုက်နာဖို့ ပျက်ကွယ်မယ်ဆိုရင် အမိန့်အာဏာဖီဆန်မှု ပုဒ်မ ၁၈၈နဲ့ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနား ဗန်းမော် ပူတာအိုနဲ့ မိုးညှင်းမြို့တွေမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း ဆိုင်ကယ်စီး ဖုန်ကာမျက်နှာဖုံး (Mask) ဝတ်ဆင်ပြီး အကြမ်းဖက်လုယက်မှုတွေ နေ့စဉ် လိုလိုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဆိုင်ကယ်စီးသူတွေကတော့ မျက်နှာဖုံးဝတ်ဆင်ပြီး ဆိုင်ကယ်စီးတဲ့အတွက် နေပူဒဏ်နဲ့ အညစ်အကြေးကို ကာကွယ်နိုင်အောင်ဖြစ်တယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံလုပ်ဆိုင်ကယ်တွေကို အများဆုံးအသုံးပြုကြပြီး ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့စာရင်းတွေအရ ပြည်နယ်တစ်ခုလုံးမှာ မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်အစီးရေ တစ်သိန်း တစ်သောင်းကျော်ရှိပါတယ်။