ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးမည်


2016.08.13
sanlwin-kachin-620.jpg အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာ ကချင်ပြည်နယ် ဦးစီးမှူး ဦးစန်းလွင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ ၃ နှစ်အထက် ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောပါတယ်။

လတ်တလော ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သာမန်ရွှေ့ပြောင်းသူ နှစ်သောင်းကျော်နဲ့ ယာယီရွှေ့ပြောင်းလုပ်သား ခုနှစ်သောင်းကျော်ရှိတယ်လို့ ပြည်နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောပါတယ်။

"သာမန်ရွှေ့ပြောင်းပြီးအိမ်ထောင်စုစာရင်းထုတ်ပေးရမယ့်သူ ၂ သောင်း ၄ ထောင်လောက်ရှိတယ်၊ ယာယီရွှေ့ပြောင်းတဲ့သူတွေဆိုရင် ၇ သောင်း ၁ ထောင်ကျော်ရှိတယ်၊ ယာယီရွှေ့ပြောင်းဆိုတာ သူက ထုတ်ပေးစရာမလိုဘူး၊ အမြဲတမ်းလည်းနေမှာမဟုတ်ဘူး၊ လာလုပ်မယ်အချိန်တန်ရင်ပြန်သွားမယ်ဆိုတဲ့ သူတွေက ၇ သောင်းကျော်ရှိတယ်၊  အခုကျနော်တို့ဝိုင်းမော်ပြီးသွားပြီ၊ အခုကျနော်တို့ဗန်းမော်ဘက်ကို ဆက်သွားမယ်၊ အမြဲတမ်းပြောင်းရွှေ့ပြီး ၃ နှစ်အထက်ဖြစ်သွားမယ်ဆိုရင် သက်ဆိုင်ရာနောက်ဆုံးနေထိုင် ခဲ့တဲ့မြို့နယ်တွေကို လှမ်းပြီးတော့ ဆက်သွယ်မယ်၊ အဲ့မှာနေထိုင်ခဲ့တာမှန်၊ မမှန်၊ အိမ်ထောင်စုဇယားရှိ၊ မရှိ၊ သူတို့ဆီကအတည်ပြုပြန်ကြားချက် ရပြီဆိုရင် ကျနော်တို့ဖက်က တရားဝင်အိမ်ထောင်စုစာရင်း ထုတ်ပေးမှာပါ"

ကချင်ပြည်နယ်မှာ ဒေသအသီးသီးကနေ ရွှေ့ပြောင်းနေထိုင်ကြသူ ၃သိန်းဝန်းကျင်ရှိကြောင်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်ဟာ ရွှေ့ပြောင်းလုပ်သားအများဆုံး လာရောက်အခြေချနေထိုင်တဲ့ ဒေသ တစ်ခုဖြစ်နိုင်ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဆိုင်ရာ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ကချင်ပြည်နယ်မှာ လူဦးရေ စုစုပေါင်း ၁ ဒဿမ ၆ သန်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။