ကချင်စစ်ပွဲ ရှစ်နှစ်ပြည့် သရုပ်ဖော်ပြဇာတ် ဦးဆောင်သူ နှစ်ဦး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ


2019.06.11
pawlu-court-622.jpg ကချင်စစ်ပွဲ ရှစ်နှစ်ပြည့် သရုပ်ဖော်ပြဇာတ် ဦးဆောင်သူ ကိုပေါလု(အကျီအပြာ)ကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂၀၁၉၊ ဇွန် ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Elizabeth/ RFA

ကချင်စစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ် သရုပ်ဖော် ပြဇာတ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ခေါင်းဆောင်း နှစ်ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ မြို့နယ် ရဲတပ်ဖွဲ့က တရားစွဲထားတာကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးရုံးချိန်းခေါ်ယူခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းကို တရားလိုဖြစ်တဲ့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့က လာရောက်ခဲ့ခြင်းမရှိပဲ တရားစွဲခံထားရတဲ့ မဆိုင်းနူးပန်နဲ့ ကိုပေါလု တို့ကို တရားရုံးက အာမခံပေးလိုက်ပါတယ်။

သရုပ်ဖော်ပြဇာတ် စီစဉ်သူတွေကို တရားစွဲဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်ကြောင်း တရားစွဲခံရတဲ့ ကိုပေါလုက ဒီနေ့ရုံးချိန်းအပြီးမှာ RFA ကို ပြောပါတယ်။

ကချင်စစ်ပွဲ ၈ နှစ်ပြည့် အခမ်းအနားမှာ စစ်ရှောင်တွေရဲ့ဘဝ၊ ခံစားချက်တွေကို သရုပ်ဖော်တင်ဆက်ခဲ့ရာမှာ ဦးဆောင်ခဲ့တာကြောင့် ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ ၂ ဦးကို မြစ်ကြီးနားမြို့နယ် (ခေတ္တ) ရဲတပ်ဖွဲ့မှူးအဖြစ် ဆောင်ရွက်နေတဲ့ ရဲမှူးမင်းသန့်ဇော်က ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် တရားစွဲထားတာဖြစ်ပါတယ်။

ကချင်စစ်ပွဲ ၈ နှစ်ပြည့် ကျင်းပသူတွေကို တရားစွဲဆိုရတာနဲ့ပတ်သက်ပြီး တရားလိုဖြစ်တဲ့ မြစ်ကြီးနားမြို့နယ် ယာယီရဲမှူး မင်းသန့်ဇော်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

တရားစွဲခံထားရသူ နှစ်ဦးကို တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်ဖြစ်နေသူတွေက မြစ်ကြီးနားမြို့နယ် တရားရုံးရှေ့မှာ ဒီနေ့ လာရောက် ဝန်းရံအားပေးခဲ့ကြပါတယ်။

ဒုတိယအကြိမ်ရုံးချိန်းကို ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လည် ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။