ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လက်ဂျားယန်မှ ရှေ့ဆက်သွားခွင့် မရ


2013.03.10

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း မြင်းခြံမြို့ကနေ လမ်းလျှောက်ခဲ့ကြတဲ့ အဖွဲ့ဟာ မနေ့က လိုင်ဇာမြို့ကို မရောက်ခင် လက်ဂျားယန် အစိုးရတပ်စခန်းက ရှေ့ဆက်သွားခွင့် မပေးတာကြောင့် အခုအချိန်အထိ လက်ဂျားယန် မိုးလဲချောင်းတံတားထိပ်မှာရှိနေဆဲလို့ သိရပါတယ်။

မြင်းခြံအဖွဲ့ဟာ မနေ့ညနေ ၃ နာရီလောက်ကတည်းက လိုင်ဇာမြို့နဲ့ ၇ မိုင်လောက်အကွာ လက်ဂျားယန် တံတားထိပ်ကို ရောက်နေခဲ့ကြတာပါ။

နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ လမ်းလျှောက်အဖွဲ့ ဦးဆောင်ပါဝင်သူ ကိုသန့်စင်က အခုလိုပြောပါတယ်။

"ကျတော်တို့ မနေ့ကတည်းက ခုချိန်ထိပါပဲ လက်ဂျားယန် တံတားထိပ်မှာ မကူးရသေးဘူး၊ အဓိကကတော့ ဟိုဘက်က ထောင်ထားတဲ့မိုင်းရော ဒီဘက်က ထောင်ထားတဲ့မိုင်းရော အန္တရာယ်ရှိတယ်၊ မသွားစေချင်ဘူး မစွန့်စားစေချင်ဘူးလို့ ပြောတာပေါ့၊ တားတာမဟုတ်ပါဘူး လို့လည်းပြောတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်နေတဲ့သူတွေကို အေးအေးဆေးဆေး ဖွင့်ပေးသင့်တယ်၊ လမ်းမှာမိုင်းတွေရှိရင်လည်း ရှင်းပေးသင့်တယ်လို့တော့မြင်တာပဲ၊ သူတို့က ပုခုံးမှာအပွင့် တပ်မထားဘူးဗျ၊ ပြောလည်းမပြောဘူး၊ ထင်ရတာတော့ အရာရှိစီနီယာနဲ့တူတယ်"

မြင်းခြံအဖွဲ့မှာ အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါး အပါအဝင်စုစုပေါင်း  ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မနေ့ညက လက်ဂျားယန်တံတားထိပ်မှာဖြစ်သလို အိပ်ကြရပြီး သံဃာတွေအတွက်တော့ စစ်တပ်က အခင်းတွေ လာပို့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ပါလာတဲ့ အစားအသောက်တွေ သိပ်မကျန်တော့ပဲ တချို့က အစာငတ်ခံဆန္ဒပြသဘောမျိုးနဲ့ အစာမစားကြတော့ဘူးလို့ ကိုသန့်စင်က ပြောပါတယ်။

"နေ့လည်စာမှာ ကျတော်တို့ လူတွေအားလုံး ထမင်းမစားဘူး၊ ဘုန်းကြီး ၂ ပါး ဆွမ်းဘုန်းမပေးဘူးပေါ့၊ ကျွန်တော်တို့နောက်က ထမင်းလာပို့တာလည်းမရှိဘူး၊ လမ်းဘေးထမင်းဆိုင်လည်း မရှိဘူးပေါ့၊ ကျတော်တို့ ပါတဲ့ဟာပဲ ချွေတာပြီးတော့ စားနေရတယ်၊ အလုံအလောက်တော့ မရှိတော့ဘူးပေါ့၊ ကျတော်တို့ ငြိမ်းချမ်းရေးလိုလားလို့ သွားတာပဲလေ၊ ငြိမ်းချမ်းရေးလိုလားသူတွေကို အနှောင့်အယှက် ပြုတာလို့ပဲမြင်တယ်၊ ကျွန်တော်တို့ လိုင်ဇာမရောက်မချင်းသွားမှာပါ"

လိုင်ဇာမြို့ လူထုနဲ့ ကေအိုင်အို အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေ ရောက်လာမယ်အထင်နဲ့ မနေ့ညနေကတည်းက အစားအသောက်၊ နေရေးထိုင်ရေးနဲ့ သွားရေးလာရေး လုံခြုံရေးတွေ စီမံထားပြီး အဆင်သင့် ကြိုဆိုနေကြကြောင်း သိရတယ်လို့ ကိုသန့်စင်က ပြောပါတယ်။

ကိုသန့်စင်နဲ့အဖွဲ့ဟာ မြင်းခြံမြို့ကနေ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က စတင်လမ်းလျှောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။