တရားစွဲထားတာကို ပယ်ဖျက်ပေးဖို့ တင်ပြသွားမည်


2018.05.21
kachin-public-youth-demostration-movement-622.jpg ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဦးဆောင် တောင်းဆိုခဲ့တာကြောင့် တပ်မတော်က အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာကို ပယ်ဖျက်ပေးဖို့ ကချင်ပြည်နယ် တရားလွှတ်တော်ထံ တင်ပြသွားမယ်လို့ တရားစွဲဆိုခံထားရသူ ၃ ဦးထဲက နှစ်ဦးရဲ့ ရှေ့နေက ပြောပါတယ်။

တရားစွဲခံရသူ ၃ ဦးထဲက ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်းအတွက် အမှုလိုက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးမုံဆိုင်းတူးက ဒီရက်ပိုင်းအတွင်း ပြည်နယ်တရားလွှတ်တော်ထံ တင်ပြနိုင်ရေးအတွက် စီစဉ်နေတယ်လို့ ပြောပါတယ်။

“သူတို့ကို တရားစွဲဆိုထားတာဟာ စွပ်စွဲ စွဲဆိုထားတာတွေပဲဖြစ်တယ်။ အသေရေပျက်စေတဲ့ စွပ်စွဲချက်မျိုးတွေ လည်း မဟုတ်ဘူး။ ကျနော်က ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်းရဲ့ ရှေ့နေပါ။ ဒေါ်နန်ပူက တခြားရှေ့နေငှားမယ် ထင်ပါတယ်။ ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်းကို စွဲတဲ့အမှုဟာ အသေရေဖျတ်မှု မမြောက်တာကြောင့်မို့ ကချင်ပြည်နယ် တရားလွှတ်တော်ကို အမှုတွဲချေဖျတ်ဖို့ လျှောက်ဖို့စီစဉ်နေတာပါ။ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါတင်နိုင်အောင် ကြိုးစားနေတာပါ”

အဲဒီအမှုကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်ရာမှာ အာမခံလျှောက်ထားဖို့ ကျန်နေသေး တဲ့ ဒေါ်နန်ပူက အာမခံလျှောက်ထားခဲ့ပြီး တရားရုံးကလည်း အာမခံပေးခဲ့ပါတယ်။

လာမယ့် မေလ ၂၈ ရက်နေ့မှာ တတိယအကြိမ်ရုံးထုတ်မှာဖြစ်ပြီး အဲဒီရုံးထုတ်မှာ တရားလိုဖြစ်တဲ့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးကို စတင်စစ်ဆေးသွားဖို့ရှိတယ်လို့ တရားစွဲခံထားရတဲ့ ဦးဇော်ဂျတ်က ပြောပါတယ်။

တဖက်သတ် ထိုးစစ်ဆင်မှုကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရကြောင်း၊ ပိတ်မိနေတဲ့ ပြည်သူတွေကို လမ်းကြောင်းဖွင့် ပေးဖို့ဟာ တပ်မတော်ရဲ့ တာဝန်သာဖြစ်ကြောင်း၊ လေယာဉ်နဲ့ ဗုံးကြဲခြင်း ချက်ချင်းရပ်ဆိုတဲ့ အသုံးအနှုန်းတွေကို တရားစွဲဆိုခံရသူတွေက သုံးနှုန်းခဲ့တာကြောင့် တရားစွဲဆိုတာဖြစ်တယ်လို့ တရားလိုဘက်က မြို့နယ်တရားရုံးထံ တရားစွဲဆိုဖို့ တင်ပြခဲ့တဲ့အချက်အလက်တွေထဲမှာ ပါရှိပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ဧပြီလအတွင်း ဖြစ်ပွားခဲ့တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ လွတ်မြောက်ဖို့ ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းကနေ မေလဆန်းပိုင်းအထိ မြစ်ကြီးနားမြို့မှာ ဒေသခံတွေ တောင်းဆိုမှုတွေ ရှိခဲ့တာ ဖြစ်ပြီး အဲဒီတောင်းဆိုသူတွေထဲက ဦးဆောင်သူတွေကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆို ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။