ကချင်ခေါင်းဆောင်များကို ငြင်းပယ်မှု နယ်ခြားစောင့်တပ်ပြဿနာနှင့် ဆက်စပ်ဖွယ်

ပါတီအဖြစ် မှတ်ပုံတင်ခွင့်မရခဲ့တဲ့ ကချင်ပြည်နယ်တိုးတက်ရေး KSPP ပါတီ ခေါင်းဆောင် ၁၂ ဦးက တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ တင်ပြခဲ့တာကို စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ကြောင်း သိရပါတယ်၊

2010.09.16
kachin_state_map_305_z.jpg မြန်မာနိုင်ငံ၏ မြောက်ဖက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ (Map: RFA)
Map: RFA
ဒီပယ်ချမှုဟာ စစ်အစိုးရနဲ့ အပစ်ခတ်ရပ် ကချင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KIO တို့အကြား နယ်ခြားစောင့်တပ် ပြောင်းလဲရေး သဘောတူချက် မရတာနဲ့ ဆက်စပ်နေတယ်လို့ ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ KSPP ပါတီခေါင်းဆောင် ၁၂ ဦးကို ရွေးကောက်ပွဲဝင်ခွင့် မပေးတာဟာ KIO ကချင်လွတ်လပ်ရေး အဖွဲ့က စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ငြင်းပယ်ခဲ့တာနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ KIO ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဆင်ဝါးက RFA ကို ပြောပါတယ်။

“ဒေါက်တာ တူးဂျာတို့ကို ငြင်းပယ်တယ် ဆိုတာကတော့ တခြား အကြောင်းတရားလည်း ရှိမှာပေါ့လေ။ အရင်တုန်းကတော့ KSPP မှတ်ပုံတင်ရရေးက ကျွန်တော်တို့ KIO ရဲ့ အသွင်ကူးပြောင်းရေးနဲ့ ဆက်စပ်တယ်လို့ ဆိုတဲ့ အသံတော့ ကြားတယ်လေ။ တိတိကျကျတော့ ကျွန်တော်လည်း မပြောနိုင်ဘူးလေ။ KSPP ရဲ့ စည်းရုံးရေး ကောင်းထားတော့ သူတို့ကို ပေးလိုက်ရင် ဒါ ဟို ရွေးကောက်ပွဲ အခြေအနေ၊ ရလဒ် အကြောင်းတရားလည်း ရှိကောင်းရှိမှာပေါ့။ ဥပမာဗျာ KSPP ထဲက နိုင်သွားမယ်ဆိုတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ ဒီ KSPP ရဲ့ မှတ်ပုံတင် မရကတည်းက တခြားပါတီက ပြည်သူ့စစ်တွေ လွှမ်းမိုး ချုပ်ကိုင်နိုင်တာကတော့ မရှိဘူးလို့ မြင်ပါတယ်။”

ဒေါက်တာတူးဂျာတို့ရဲ့ KSPP ပါတီဟာ ကချင်လူထုကြား ထောက်ခံမှု အများဆုံးရနေတဲ့ ပါတီ ဖြစ်တယ်လို့ ဒေသခံတွေကြား ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်

အငြင်းပယ်ခံရတဲ့ KSPP ပါတီခေါင်းဆောင် ၁၂ ဦးထဲမှာတော့ KIO ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦးနဲ့ NDAK ကချင်ဒီမိုကရေစီသစ် တပ်မတော်ထဲက ခေါင်းဆောင်တချို့ အပါအဝင် ၊ ကျန်သူတွေကတော့ ဗိုလ်မှူးကြီး လဆန်အောင်ဝါ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့ထဲက ခေါင်းဆောင်တွေ ပါဝင်ကြောင်း သိရပါတယ် ။

ဒေါက်တာတူးဂျာဟာ KIO အဖွဲ့ကနေ နုတ်ထွက်ထားသူ တဦးလည်း ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး  RFA သတင်းထောက် ဦးရဲထက်က သတင်းပေးပို့ထားပါတယ်၊ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။