ကုလားတန် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိကြောင်း အစီရင်ခံစာသစ် ဖော်ပြ
2013.06.11

အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နဲ့ ချင်းပြည်နယ်အတွင်းမှာ တည်ဆောက်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဟာ ပွင့်လင်းမြင်သာမှုမရှိကြောင်း (Kalandan movement) ကုလားတန် လှုပ်ရှားမှုအဖွဲ့က အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ပြီး၊ ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက် များအသင်းရုံးခန်းမှာ ဒီကနေ့နေ့လည်က ကျင်းပခဲ့ ပါတယ်။
စာမျက်နှာ ၅၆ မျက်နှာပါဝင်ပြီး မြစ်တစ်ခုထဲ ခြေနှစ်ခါ မဆေးနိုင်လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာ မှာ ဖော်ပြထားတာကတော့ ဒေါ်လာသန်းပေါင်း ၂၁၄ သန်း အကုန်အကျခံပြီး တည်ဆောက်နေတဲ့ ဒီစီမံကိန်းမှာ အဓိကအားဖြင့် ပြည်တွင်းရေကြောင်း လိုင်းနဲ့ အဝေးပြေး ကုန်းလမ်းပို့ဆောင်ရေးစနစ်တို့ ပါဝင်ကြောင်း၊ ဒီအထဲမှာ စစ်တွေဆိပ်ကမ်းကနေ ကီလိုမီတာ ၁၆ဝ ရှိတဲ့ ကုလားတန် မြစ်ကြောင်းတလျှောက် ချင်းပြည်နယ် ပလက်ဝအထိ ရေလမ်း၊ ပလက်ဝကနေ အိန္ဒိယနယ်စပ် မီဇိုယမ်အထိ ၁၃ဝ ကီလိုမီတာ ရှည်လျှားမယ့် အဝေးပြေးလမ်းနဲ့ မီဇိုယမ်ကနေ အိန္ဒိယပြည်မအထိ ကားလမ်း စတာတွေအဓိကပါဝင်ပြီး ၂ဝ၁၅ ခုနှစ်မှာ အပြီးသတ်ဖို့ နှစ်နိုင်ငံအစိုးရတွေက ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
ဒီစီမံကန်းကြောင့် ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်နေတဲ့ ရခိုင်ပြည်နယ်စစ်တွေမှာဆိုရင် ဒေသခံတွေ ထိခိုက်နေရမှုနဲ့ ပတ်သက်လို့ ရခိုင်မြစ်ကြောင်းကွန်ရက်အဖွဲ့မှ ဒါရိုက်တာ ကိုတွမ်ဇော်က ပြောပါတယ်။
“ဆိပ်ကမ်းတည်ဆောက်တဲ့ ကာလအတောအတွင်းမှာ အခြေခံအားဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ လှုမှုဝန်းကျင်အရ ထိခိုက်မှုတွေ ကျနော်တို့တွေ့ခဲ့ရပါတယ်၊ အိန္ဒိယလုပ်ငန်းရှင် သို့မဟုတ် ဒေသဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ ဒေသခံပြည်သူတွေ အကြားမှာလည်း လုပ်ငန်းလုပ်ဆောင်ရာမှာ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေပါတယ်၊ ဒေသခံတွေဟာ ၃ထောင်ကနေ ၅ထောင်ကျပ်အထိသာ လုပ်အားခရရှိနေချိန်မှာ အိန္ဒိယလုပ်သားတွေကတော့ ဒေသခံတွေထက် ၁ဝ ဆခန့် ပိုရနေတယ်”
ဒါ့အပြင် အခုတည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်းစီမံကိန်းနေရာဟာ အများပြည်သူ အပန်းဖြေရာနေရာတွေ၊ ဆေးရုံတွေနဲ့လည်းနီးပြီး၊ ဒီဆိပ်ကမ်းတည်ဆောက်ရေးအတွက် သမိုင်းအစဉ်အလာရှိတဲ့ သမိုင်းဆိုင်ရာ အထိမ်းအမှတ် အဆောက်အဦးတွေလည်း ပြိုပျက်ခဲ့ရကြောင်း၊ ဒီအတွက် ဒေသခံတွေဟာ အခုအချိန်အထိ သူတို့ယုံကြည်မှုကို ဆန့်ကျင်ခံရတယ်လို့ ခံစားနေရကြောင်း၊ ရခိုင်ပြည်နယ်ရဲ့ အသဲနှလုံးဖြစ်တဲ့ ကုလားတန်မြစ် တူးဖော်ရေး စီမံကိန်းဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို စာတမ်းလေ့လာပြုစုထားတာ မရှိတဲ့အတွက် ဒေသခံတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ရိုးရာအမွေအနှစ်တွေ ပျောက်ဆုံးမှာကို စိုးရိမ်နေကြတယ်လို့လည်း သူကပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ အစီအစဉ်ဒါရိုက်တာ ဆလိုင်းဇာအုပ်လိန်းကလည်း ပလက်ဝ အဝေးပြေးလမ်းစီမံကိန်းကို ဒေသခံပြည်သူတွေက ဘာမှမသိရကြောင်းနဲ့ ဒီစီမံကိန်းကြောင့် ဒေသခံတွေ စိုးရိမ်နေရပုံကိုလည်း အခုလိုပြောပါတယ်။
“ဒီကုလားတန်စီမံကိန်းရဲ့ အချို့သော အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေအတွက် ပြည်သူတွေဟာ အလွန်အမင်း စိုးရိမ်နေတာကို ကျနော်တို့တွေ့နေရပါတယ်၊ ဒီနေ့အချိန်အထိ လူထုကိုတိုင်ပင်နှီးနှောတာနဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု ဘာမှမရှိပါဘူး၊ ဒီချင်းပြည်နယ်က စီမံကိန်းဟာ ကီလိုမီတာ ၁၃ဝ ရှည်မယ့် အဝေးပြေးလမ်း ဖောက်လုပ်မှာဖြစ်တာကြောင့် လုပ်သားအင်အား အပြင်းအထန်လိုအပ်မှာဖြစ်သလို၊ အတင်းအကျပ် လုပ်အားပေးခိုင်းမှုတွေကိုလည်း စိုးရိမ်ရပါတယ်၊ လမ်းဘေးတောက်လျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့ လယ်မြေယာမြေတွေဟာလည်း ထိခိုက်မှာဖြစ်ပါတယ်”
ချင်းပြည်နယ်အတွင်း စစ်စခန်း ၅၄ ခု တည်ဆောက်ထားရာမှာ ၁၉ ခုဟာ ပလက်ဝမြို့နယ်ထဲမှာရှိနေပြီး ၂ဝဝ၈ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အရ စစ်တပ်ဟာ စီမံကိန်းကို အကာအကွယ်ပေးမှာဖြစ်တဲ့အတွက် ဒေသခံတွေ အတွက် စစ်တပ်ကြီးစိုးမှုနဲ့ ဒီတပ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဒေသခံတွေက စိုးရိမ်နေကြောင်းလည်း သူကပြောပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံက အကုန်အကျခံမယ့် ဒီစီမံကိန်းရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးစီမံကိန်းလို့ ဆိုပေမယ့် အမှန်စင်စစ် အရှေ့တောင်အာရှတခွင်မှာ အိန္ဒိယရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ သြဇာလွှမ်းမိုးချဲ့ထွင်တဲ့ အရှေ့မျှော်ဝါဒသာ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါရှိပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ရခိုင်မြစ်ချောင်းများကွန်ရက်အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးထွန်းဇော်ကို RFA အဖွဲ့သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။