ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး
2012.05.13
စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ခုတ်ထွင်ခံနေရတဲ့ မြေနေရာတွေကတော့ ကလောမြို့ရဲ မြောက်ဘက်က မြင်းကကျေးရွာအနီးမှာ စိုက်ပျိုးထားတဲ့ လိမ္မော်ခြံနဲ့ ထောပတ်ခြံ မြေဧက ၂၀ ကျော်ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကစလို့ အလုပ်သမား ၁၅ ဦးခန့်က ဝင်ရောက်ရှင်းလင်းနေတာ ဖြစ်တာလို့ ဒေသခံပြည်သူတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ကလောမြို့ NLD အဖွဲ့ဝင် ဦးဖိုးချိုက အာအက်ဖ်အေကို ပြောပါတယ်။
"မြင်းကမှာ ရွာခံတွေ စိုက်ပျိုးထားတဲ့ လိမ္မော်ပင်တွေက ကြီးနေပြီ၊ အဲဒါကို ဆက်သွယ်ရေး ဒုညွန်မှူးက ခိုင်းလို့ဆိုပြီးတော့ အခုကလောမှာရှိတဲ့ ဆက်သွယ်ရေး သူတို့ဝန်ထမ်း ဦးမျိုးအောင်ဆိုတဲ့လူက လိုက်လုပ်ပေးနေတာတဲ့။ အလုပ်သမားတွေ လာပြီး ဝင်ရမ်းတာ၊ အဲဒီတော့ ရွာသားတွေက မယက ဥက္ကဋ္ဌကို သွားပြောတယ်၊ သစ်တောကို အကြောင်းကြားတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကတော့ သူတို့ကို ပြောလိုက်တယ်တဲ့။ အုတ်နံရံနဲ့ ခေါင်းနဲ့ သွားမတိုက်လိုက်နဲ့ပေါ့နော်၊ ကိုယ်ပဲရှုံးမယ်ဆိုပြီး ပြောလိုက်တယ်တဲ့၊ အပင်က တစ်ယောက် တစ်ယောက်ကို လိမ္မော်ပင်တွေက ထောင်ဂဏန်းရှိတယ်။ အဲဒီ ရွာသားတွေကို သူတို့လုနေတာ သွားလည်းမတားနဲ့လို့ အဲဒီ ရပ်ကွက်ဥက္ကဋ္ဌ မနေ့က လာပြောတယ်တဲ့။ သူတို့ လိမ္မော်ခြံ ထောပတ်ပင်တွေလည်း ဝင်ခုတ်ခံရသေးတယ်။ သွားတားလို့ရှိရင် အဖမ်းခံရမယ်လို့ ပြောလွတ်လိုက်တယ်တဲ့။"
ခြံမြေပိုင်ရှင် ၅ ဦးကတော့ မြင်းကကျေးရွာက ဦးစိုးဝင်း၊ ဦးဇော်ဝင်း၊ ဦးကင်း၊ ဦးစိုးဝင်းနိုင်၊ ဦးမောင်နီတို့ ဖြစ်ပြီး ဒီမြေတွေဟာ ဘိုးဘွားလက်ထက်ကတည်းက မိရိုးဖလာ လုပ်ကိုင်လာနေတဲ့ မြေနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သီးနှံစိုက်ပျိုးထားတဲ့ မြေနေရာတွေကို ဒေသခံပြည်သူတွေ ပြန်လည်ရရှိနိုင်ဖို့အတွက် သက်သေ အထောက်အထားတွေ ရယူထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အပါအဝင် နေပြည်တော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ကြားတင်ပြသွားမယ်လို့ ဦးဖိုးချိုက ဆက်ပြောပါတယ်။
ကလောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ဖြေဆိုသူ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဒီအကြောင်းနဲ့ပတ်သက်ပြီး မသိရှိကြောင်း၊ အုပ်ချုပ်ရေးမှူး မရှိကြောင်း အာအက်ဖ်အေကို ဖြေကြားခဲ့ပါတယ်။