ကလေးမြို့ စက္ကန့်ရွာမှာ နေအိမ်တွေ မီးရှို့ခံရပြီး မြေးအဖွားနှစ်ဦး ပစ်သတ်ခံရ

RFA Burmese
2023.10.07
ကလေးမြို့ စက္ကန့်ရွာမှာ နေအိမ်တွေ မီးရှို့ခံရပြီး မြေးအဖွားနှစ်ဦး ပစ်သတ်ခံရ ကလေးမြို့နယ်တောင်ပိုင်း စက္ကန့်ရွာတွင် နေအိမ်များမီးလောင်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ် စက္ကန့်ကျေးရွာမှာ အောက်တိုဘာ ၇ ရက်နေ့က နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတဲ့အပြင် ဒေသခံ မြေးအဖွားနှစ်ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့တောင်ပိုင်းကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် စက္ကန့်ကျေးရွာက ဒေသခံတွေအာလုံးနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ရွာထဲမှာ မပြေးဘဲ ကျန်နေခဲ့တဲ့ မြေးအဖွား နှစ်ဦးကို ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စက္ကန့်ကျေးရွာထဲကို အောက်တိုဘာ ၇ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ကထိုးစစ်ဆင်တာကြောင့် ကလေးမြို့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က စက္ကန့်ကျေးရွာမှာရှိတဲ့ နေအိမ်တော်တော်များများကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြင်အခြေအနေ မတည်ငြိမ်သေးတဲ့အပြင် ဖုန်းလိုင်းတွေ အဆက်အသွယ် ခက်ခဲမူကြောင့် သေဆုံးသူတွေရဲ့ အသက်၊ နာမည်နဲ့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်သံတွေငြိမ်သွားတာကြောင့် စက္ကန့်ကျေးရွာထဲကို ညနေပိုင်းမှာ ပြန်ဝင်တဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ပြန်လှည့်ပြေးခဲ့ရတယ်လို့ စက္ကန့်ရွာသားတစ်ဦးက ပြောပါတယ်။

“နေအိမ်တွေ မီးရှို့ခံရတာဟုတ်တယ်၊ အဝေးကနေ မီးခိုးလုံးတွေ မြင်နေရတယ်။ နေအိမ် အရေအတွက် အတိအကျ မသိသေးဘူး၊ ၁၀၀ ဝန်းကျင်လောက်ပဲ ထင်တယ်၊ သေတော့မသေချာဘူး။ ညနေတုန်းက ရွာထဲ ပြန်ဝင်တဲ့အချိန်မှာ သူတို့ မြေးအဖွားက သေသွားပြီ။ အလောင်းတောင် မကောက်နိုင်ဘူး။ စစ်သားတွေက ပစ်လို့လေ၊ ဒီအတိုင်းထားခဲ့ရတာ”

အခုတော့ ရွာအဝင်နဲ့ စာသင်ကျောင်းထဲမှာ စစ်ကောင်စီတပ်သားတွေ နေရာယူ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာမှာ နေအိမ် ၇၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီတပ်က နေအိမ် ၈ဝ ကျော် မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှာလည်း စက္ကန့်ရွာအနီးမှာ စစ်ကောင်စီတပ်ကြောင့် သားအမိနှစ်ဦးဖြစ်တဲ့ ဒေါ်ဟွေးအီယာန်နဲ့ ကိုစမြူရယ် သတ်ဖြတ်ခံခဲ့ရပြီး မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို အောက်တိုဘာ ၆ရက်နေ့ ညပိုင်းကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ တိုင်းစစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။