ကလေးမြို့နယ် ပျဉ်းတော်ဦးရွာမှာ လက်နက်ကြီးကြောင့် လူခြောက်ဦး သေဆုံး
2024.04.24

[Update: 5: 18 PM, April 25, 2024]
ကလေးမြို့နယ် ပျဉ်းတော်ဦးရွာမှာ လက်နက်ကြီးထိမှန်လို့ သေဆုံးသူတွေကို ဧပြီလ ၂၅ ရက် ဒီနေ့မနက်မှာ နာရေးပို့နေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တာကြောင့် ဈပနအခမ်းအနားမှာ လူနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ခြောက်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၂၄ ရက် မနေ့က ညနေပိုင်းမှာ ပျဉ်းတော်ဦးရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးနှစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာခဲ့ပါတယ်။
ဧပြီလ ၂၅ ရက်နေ့မှာတော့ ဒဏ်ရာရသူ အမျိုးသမီးဖြစ်တဲ့ အသက် ၄၀ အရွယ် ဒေါ်ကျိန်ငိုက်ခေါလ် ဆေးကုသမှုခံယူနေရင်း ထပ်မံသေဆုံးခဲ့တာပါ။
သေဆုံးခဲ့သူတွေကို ရွာခံတွေက နာရေးလိုက်ပို့နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်လို့ အသက် ၂၆ နှစ်အရွယ် ကိုခုပ်တွောလ်ကိမ် နဲ့ အသက် ၃၀ အရွယ် ကိုပြောင်ခန့်ဆွမ်တို့ ထပ်မံသေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲတော့ ဒီနေ့မရှိဘူး။ အခြေအနေက တင်းမာနေတယ်။ မနေ့ကတော့ အပြန်အလှန်ပစ်ခတ်တာတော့ ရှိတယ်။ မနေ့က လက်နက်ကြီးထိလို့ သေတဲ့သူတွေကို နာရေးပို့နေချိန်မှာ စစ်ကောင်စီက ထပ်ပစ်တာ။ အဲမှာ နှစ်ဦး ထပ်သေတာ။ အမျိုးသားနှစ်ဦးပါ။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးနဲ့ ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိနေပါတယ်။
(မှတ်ချက်။ ထပ်မံသေဆုံးသည့် လူဦးရေစာရင်းကို ဖြည့်စွက်ရေးသားထားပါသည်။)