ကလေးမြို့နယ်မှာ ဒရုန်းဗုံးပေါက်ကွဲပြီး ကလေး ၁၃ ဦး ဒဏ်ရာရ

RFA Burmese
2024.02.20
ကလေးမြို့နယ်မှာ ဒရုန်းဗုံးပေါက်ကွဲပြီး ကလေး ၁၃ ဦး ဒဏ်ရာရ ကလေးမြို့ရပ်ကွက်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ကင်းလှည့်နေသည်ကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အောင်မြင်သာကျေးရွာမှာ ဖေဖော်ဝါရီ ၁၇ရက်က စစ်ကောင်စီတပ်နဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့က ဒရုန်းကို ဗုံးသီးတပ်ဆင်ပြီး စမ်းသပ်မောင်းနှင်တာမှာ ဗုံးသီးပြုတ်ကျ ပေါက်ကွဲလို့  ကလေး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်မြင်သာကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒရုန်းကို ဗုံးသီးတပ်မောင်းနှင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ဒရုန်းဟာ ဘုန်းကြီးကျောင်းအနီးက ဘောလုံးကွင်းထဲ ကျရောက်ပေါက်ကွဲပြီး ဘောလုံးကစားနေတဲ့ ကလေးတွေ ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စကစတွေက ပျူတွေကို လက်နက်တွေ ပေးထားတာ။ အဲဒီညနေကလည်း သူတို့ ဒရုန်းနဲ့ ဗုံးကြဲဖို့ စမ်းကြတာ။ အဲဒီမှာ ကလေးတွေ ကစားနေတဲ့ ဘောလုံးကွင်းမှာ ဗုံးတွေကျတယ်။ ကလေးတွေထဲမှာ ခြောက်ယောက်က ဒဏ်ရာ ပြင်းထန်တယ်။ တချို့ဆို မျက်နှာလုံးတွေ ထိတာတို့၊ ခြေလက် ပြတ်တာတွေရှိတယ်"

ဒဏ်ရာပြင်းထန်တဲ့ ကလေးခြောက်ဦးဟာ ကလေးမြို့ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန်ခုနစ်ဦးကတော့ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုမှုခံယူနေတယ်လို့ သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးတွေဟာ G-9 ကျောင်းသားတွေဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာပဲ အတန်းတင်စာမေးပွဲ ဖြေဆိုရမှာပါ။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို စစ်ကိုင်းတိုင်းစစ်ကောင်စီ ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။