မိုးဗြဲနဲ့ ကလေးမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေ

လက်နက်ကိုင်တော်လှန်မှု အားကောင်းတဲ့ ကယားပြည်နယ်မှာ စစ်အာဏာသိမ်း ကိုးလကျော်အတွင်း တိုက်ပွဲ ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ၁၀၂ ဦး သေဆုံးပြီး လူနေအိမ် အလုံး ၄၀၀ ကျော် ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က နိုဝင်ဘာ ၁၆ ရက် မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် နိုဝင်ဘာ ၁၆ ရက် မနေ့ကအထိ ကရင်နီ PDF တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့ပြီး စစ်တပ် ဘက်က သေဆုံးသူ ၄၅၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၇ ရက် ဒီနေ့ မနက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ကယားနယ်စပ် မိုးဗြဲမြို့က PDF ကင်းစခန်း တစ်ခုကို ခမရ ၄၂၂ တပ်ရင်းက စစ်အင်အား တစ်ရာလောက်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် PDF တပ်ဖွဲ့ ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါ တယ်။
“အကြမ်းဖက် စစ်တပ်ဘက်က အင်အား တစ်ရာနီးပါးလောက် ရှိမယ်။ ကျနော်တို့ကို ပတ်ပတ်လည်ကို ဝိုင်းပြီးတော့မှ အစီးခံရတာပေါ့။ တပ်စခန်းရယ်တော့မဟုတ်ဘူး မိုးဗြဲမြို့ထဲမှာ ပြည်သူလုံခြုံဖို့အတွက် စစ်တပ်ရဲ့ နှောင့်ယှက်မှု အကြမ်းဖက်မှုတွေ အဲဒါဖြစ်မှာကြောက်လို့ မိုးဗြဲမှာ ပြည်သူတွေအတွက် ကင်းချထားတဲ့ စခန်းပေါ့နော်။ ကင်းစခန်း ကင်းပုန်းနေရာတစ်ခုပေါ့ အဲဒါ အဲဒီနေရာကို ဝင်စီးကြတာပါ။ အဲဒီနေရာက အရင်တုန်းက စစ်တပ်ကနေ တပ်စွဲထားခဲ့တဲ့နေရာပေါ့။ မီးတပ်စခန်းမှာပေါ့၊ အဲဒီနေရာမှာ ကျနော်တို့ကို လုံခြုံရေးပြန်ချထားပြီး ပြန်ဝင်လာစီးတဲ့ပုံစံမျိုးပေါ့”
ဒီနေ့မနက် ၁၀ နာရီအထိ ခမရ ၄၂၂ တပ်ရင်းကနေ မိုးဗြဲမြို့ထဲကို လက်နက်ကြီးတွေနဲ့ ဆယ်လုံးထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ငါးလုံး ပျက်စီးသွားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မိုးဗြဲမြို့နယ်က လူပေါင်း ၄,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး တချို့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း၊ တချို့ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်း တွေရဲ့ နေအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဘက်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကနေ ၉ ရက်နေ့အထိ ကရင်နီပူးပေါင်း တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ရှစ်ရက်ဆက်တိုက် တိုက်ပွဲ တွေ ဖြစ်ခဲ့တာကြောင့် ဖယ်ခုံမြို့နယ် ကျေးရွာပေါင်း ၁၄ ခုက ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကရင်နီ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဒါကြောင့် အခု နိုဝင်ဘာလထဲမှာတင် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေး ဒုက္ခသည် တစ်သောင်းခွဲ နီးပါး ရှိနေပါပြီ။
လက်နက်ကိုင် ခုခံစစ်အားကောင်းတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း စစ်တပ်နဲ့ ကလေး PDF၊ ချင်း CDF ပူးပေါင်းတပ်တွေအကြား အခြေအနေ တင်းမာနေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
"သေချာတာတော့ အနေအထားက ထပ်ပြင်းဖို့ပဲရှိတယ်။ သူတို့က စစ်ကြောင်းထိုးလာတယ်။"
မနေ့က ကလေးမြို့နယ် ဇီးချောင်းဆည်တိုက်ပွဲအတွင်း အဖမ်းခံရတဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသမီးငယ် ရှစ်ယောက်ကို စစ်တပ်က ဓါးစာခံအဖြစ် ဖမ်းဆီးထားတာကြောင့် ကာကွယ်ရေးတပ်တွေဖြစ်တဲ့ CNDF ၊ CDF (KKG) ၊ ကလေး PDF နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) လေးဖွဲ့ပေါင်းပြီး ပြန်ကယ်ဖို့ကြိုးစားနေတယ်၊ လောလောဆယ် အခြေအနေ တင်းမာနေတယ်လို့ ကလေး PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“သေချာတာတော့ အနေအထားက ထပ်ပြင်းဖို့ပဲရှိတယ်။ သူတို့က စစ်ကြောင်း ထိုးလာတယ်။ သူတို့ စစ်ကြောင်း ထိုးမယ့် လမ်းကြောင်းတွေကို ကျနော်တို့က ပိတ်ဆို့ထားတယ်။ အပေါ်က စစ်ကြောင်း ထိုးပြီးတော့ မနေ့က အဖမ်းခံထားရတဲ့ ရှစ်ယောက်၊ ယောကျာ်းလေးက နှစ်ဦးဆို ၁၀ ဦး။ ယောကျာ်းလေး နှစ်ဦးကတော့ သူတို့တွေ ရှင်းလိုက်ပြီလို့ ပြောတယ်။ အဲဒါဆို Medical ရှစ်ယောက်ပဲ ကျန်တော့မယ်။ သူတို့ Medical ရှစ်ယောက် ဖမ်းထားတဲ့ နေရာကိုလည်း ကျနော်တို့က CNDF ရယ်၊ PDF ရယ်၊ ပကဖရယ်၊ KKG ရယ်က ဝိုက်ထားတယ် ဆိုတော့ သူတို့ထွက်လို့တော့ အဆင်မပြေဘူး”
ဒီမနက်ပိုင်းမှာလည်း အဲဒီနေရာတဝိုက်မှာ တိုက်ပွဲဆက်ဖြစ်ခဲ့တာကြောင့် စစ်အင်အား ၂၀၀ နီးပါးခန့် ဇီးချောင်းဆည်တဝိုက်ကို စစ်ကူထပ်ဖြည့်ဖို့ အပြင်းအထန် ကြိုးစားနေတာတွေ့ရတယ်လို့ သူကဆိုပါတယ်။
စစ်ကေင်စီတပ်တွေ အခြေစိုက်ထားတဲ့ ကလေးမြောက်ဘက်ခြမ်း ဒေသကလွဲရင် ကလေးမြို့ အနောက်ဘက်၊ တောင်ဘက်နဲ့ မြစ်သာမြစ် အရှေ့ဘက်ခြမ်းတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး မြစ်သာမြစ်အရှေ့ဘက်ခြမ်း ကျေးရွာ တချို့မှာ လူနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ကလေးမြို့ပတ်ဝန်းကျင်မှာ တစ်နေကုန် တိုက်ပွဲတွေ ဖြစ်ခဲ့သလို မြို့ပေါ်မှာလည်း ပစ်ခတ်သံ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရတာကြောင့် အရေးပေါ် စစ်ဘေးရှောင်ဖို့ ပြင်ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က တစ်နေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်နေတော့ လမ်းသွားလမ်းလာတွေတော့ မြို့ပေါ်မှာ ရှင်းသွား တယ်။ ပြီးတော့ ညနေပိုင်းမှာ တာဟန်းဘက်မှာ ရဲကင်းတဝိုက်မှာ တပ်ဘက်က ကင်းလှည့်တာတွေ များတယ်ပေါ့။ အဲဒီဘက်မှာ ပစ်တာခတ်တာ အသံတွေလည်း ကြားလိုက်ရတော့ ဆိုင်တွေလည်း တာဟန်း ဈေးထဲမှာ လှုပ်လှုပ်ရွရွ ဖြစ် ကုန်တယ်။ ဆိုင်တွေ တော်တော်များများလည်း ပိတ်ကုန်တယ်။ မနေ့က ညပိုင်းမှာတော့ ခယက ရုံးနားမှာ ဗုံးပေါက်ကွဲသံတစ်ခု ကြားလိုက်ရတယ်။ တာဟန်းဘက်မှာ သေနတ်သံ တချို့ အနည်းငယ်လေးပဲ ကြားလိုက်ရတာ ရှိပါတယ်”
မိုးဗြဲ၊ ဖယ်ခုံနဲ့ ကလေးမြို့က တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထပ်မံသိရှိနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ကလေးမြို့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက-ကလေး) အခြေစိုက်ထားပြီး ခလရ (၈၇)၊ ခလရ (၈၉)၊ ခလရ (၂၂၈) နဲ့ စကခ (၁၀) လက်အောက်ခံ တပ်တွေက အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ နှစ်ပတ်နီးပါးကာလအတွင်း နှစ်ဘက်တိုက်ပွဲတွေ ကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့က လူဦးရေ ၈၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုရုံးက နိုဝင်ဘာ ၁၅ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။